ဘားအံ မေ ၂၆
ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးဝင်းနှင့်အတူ စီမံကိန်း၊ စီးပွားရေး နှင့်ဘဏ္ဍာရေးဝန်ကြီး၊ လူမှုရေးရာဝန်ကြီးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိ သူများသည် မေ ၂၃ ရက်က မြဝတီမြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရေးအတွက် သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများသည် ဘားအံ၊ ကော့ကရိတ်၊ မြဝတီအာရှလမ်းမကြီးပေါ်ရှိ တံတားအမှတ်( ၅/၈၉)အား လက်နက်ကိုင် သောင်းကျန်းသူများမှ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုကြောင့် ပြိုကျပျက်ဆီးသွားခဲ့သည့် ကော့နွဲတံတားအား ပေ (၂၇၀) အရှည် သံကူကွန်ကရစ်တံတားအသစ်တစ်စင်း စတင်တည်ဆောက်နေမှုလုပ်ငန်းအခြေအနေများကို ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိုးမိုးဝင်း၊ စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညီညီဇော်၊ လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်နှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမင်းရွှေတို့က မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်ကျေးရွာသို့ ရောက်ရှိပြီး လက်နက်ကိုင်သောင်းကျန်းသူများ မီးရှို့ဖျက်ဆီးခဲ့သည့် လူနေအိမ်များနှင့် အစိုးရပိုင်အဆောက်အဦများအား လိုက်လံကြည့်ရှုပြီး ကျေးရွာအတွင်းပြန်လည်ဖွံ့ဖြိုးသာယာ လှပစေရေး၊ ကျေးရွာလမ်းများအဆင့်မြှင့်တင်နိုင်ရေးနှင့် ရက်(၁၀၀)စီမံချက်ဖြင့် သင်္ဃန်းညီနောင်ကျေးရွာရှိ ဒေသခံပြည်သူများ မြေငှားဂရန်ရရှိရေးအတွက် လျှောက်လွှာ၊ အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင်၊ မြေပိုင်ဆိုင်မှုအထောက်အထား၊ မြေစာရင်းပုံစံ(၁၀၃) ဖြင့်ကြိုတင်လျှောက်ထားမှုနှင့် မြေငှားဂရန်ချထားပေးနိုင်ရေး အတွက် မြေတိုင်းတာခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ထို့နောက်မြဝတီမြို့ဝန်းကျင်၌ တရားမဝင်လမ်းကြောင်းများမှတဆင့် ဝင်ရောက် လာကြသည့် ပြည်ပနိုင်ငံများမှ ပြည်ပနိုင်ငံသားများအား ထိန်းသိမ်းထားရှိသည့် နယ်ခြားစောင့်တပ်(BGF) လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကွက်ကဲရေးမှူးရုံးနှင့် မိုးလုံလေလုံအားကစားခန်းမသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားသည်။
ယင်းနောက် အေးချမ်းဖြိုးဧည့်ရိပ်သာအဆောက်အဦ ပြင်ဆင်ရန်လိုအပ်မှု အခြေအနေများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဝန်ထမ်းအိမ်ယာအဆောက်အဦ ပြင်ဆင်ရန်လိုအပ်မှုအခြေများနှင့် မြို့တွင်းရေမြောင်းများရေစီးရေလာ ကောင်းမွန်စေရေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးသည်။
ထို့နောက်ကရင်ပြည်နယ်အစိုးရအဖွဲ့လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ်(၂) စုပေါင်းစစ်ဆေးရေးစခန်း၌ ကုန်သွယ်မှုလမ်းကြောင်းနှင့် ကုန်စည်စီးဆင်းမှုအနေအထား၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အမျိုးသားအဆင့် မဟာဗျူဟာနှင့်နည်းဗျူဟာအပေါ် လိုက်နာဆောင်ရွက်မှုများ၊ တရားမဝင်ကုန်ပစ္စည်းဖမ်းဆီးရရှိမှုအခြေအနေများ၊ လုံခြုံရေးဆောင်ရွက်ထားရှိအခြေအနေများကို လည်းကောင်း၊ မြန်မာ- ထိုင်းချစ်ကြည်ရေးတံတားအမှတ်(၁)တွင် နယ်စပ်ဖြတ်ကျော်ရေး လုပ်ငန်းများဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးပြီး မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံး ခန်းမဆောင်တွင် မြို့နယ်အတွင်တာဝန်ထမ်းဆောင်လျက်ရှိသည့် ရဲတပ်ဖွဲ့ ဝင်များနှင့်တွေ့ဆုံ၍ နယ်မြေဒေသ လုံခြုံအေးချမ်းရေးအတွက် လုံခြုံရေးတာဝန်များကို အထူးဂရုပြုအလေးထားဆောင်ရွက်နိုင်ရေး ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးများနှင့်အဖွဲ့သည် မြဝတီခရိုင်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အကောက်အခွန်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာ့စီးပွားရေးဘဏ်ခွဲမှ တာဝန် ရှိသူများနှင့်ဝန်ထမ်းများအား တွေ့ဆုံအားပေးစကားပြောကြားသည်။ ထို့နောက် မြဝတီမြို့နယ်အတွင်းရှိ သင်္ဃန်းညီနောင်ကျေးရွာနှင့် မြို့ပေါ်ရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများသို့သွားရောက်ပြီး ဆရာ၊ဆရာမများနှင့် တွေ့ဆုံကာအားပေးစကားပြောကြားခြင်း စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ် သင်ကြားနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများအား လိုက်လံကြည့်ရှုပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
ယင်းနောက်ကရင်ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများသည် မြဝတီခရိုင် ပြည်သူ့ဆေးရုံကြီးရှိ ဆရာဝန်ကြီးများ၊ သူနာပြုဆရာ၊ ဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများအား သွားရောက်တွေ့ဆုံအားပေးစကားပြောကြားပြီး လူနာဆောင်များ၌ တက်ရောက်ဆေးကုသမှုခံယူနေကြသည့် ပြည်သူများအား အားပေးစကား ပြောကြားသည်။
ထို့နောက် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့်ပြည်နယ်ဝန်ကြီးများသည် မြဝတီမြို့ ငွေင်္ဟာသာကျောင်းတိုက်သို့သွားရောက်ပြီး ဘဒ္ဒန္တဝိမလ မဟာသဒ္ဓမ္မ ဇောတိကဓဇ ဆရာတော်အား ဖူးမျှော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းပြီး သာသနာရေးဆိုင်ရာကိစ္စရပ်များနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များအား လျှောက်ထားတင်ပြခဲ့ကြောင်း သိရသည်။
ပြည်နယ်( ပြန်/ဆက်)