ကမမောင်း မေ ၂၆
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၌ ၂၀၂၆-၂၀၂၇ မိုးစပါးစိုက်ပျိုးရာသီအတွင်း မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်နည်းစနစ်မှန်ကန်ရေးနှင့် ကျေးလက်နေတောင်သူများ နည်းပညာ များကို လက်ခံကျင့်သုံးလာစေရန် ရည်ရွယ်၍ တောင်သူအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်း က မိဇိုင်းကျေးရွာနှင့် ဝါကော်ကျေး ကျေးရွာတို့တွင်ကျင်းပသည်။
ဟောပြောပွဲတွင် ကမမောင်းမြို့ စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးမောင်မောင်က မြေကြီးအာဟာရ ပြည့်ဝစေရန် သဘာဝသစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းစိုက်စေခြင်း၊ အပင်သက်တမ်း (၄၅) ရက်ပြည့်လျှင် ထယ်ထိုးမြေမြှပ်ခြင်းအားဖြင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေခြင်း၊ မြေဆီလွှာဖွံ့ဖြိုး တိုးတက်စေရန် E.M ဘိုကာရှီ မြေဆွေးပြုလုပ်သုံးစွဲခြင်း၊ မြေကြီးကို ခြံလှပ်မထားဘဲ ပဲမျိုးနွယ်ဝင် စိုက်ပျိုးခြင်းဖြင့် မြေဆီလွှာကို ကောင်းမွန်စေခြင်း၊ သဘာဝမြေသြဇာအမှိုက်၊ ကောက်ရိုးအကြွင်း အကျန်၊ နွားချေးစသည်များကို နှစ်စဉ်လယ်ထဲထည့်ပေးခြင်း၊ ဓာတုမြေသြဇာတစ်မျိုးတည်း သုံးစွဲမည့်အစား သဘာဝမြေသြဇာနှင့်အချိုးကျ သုံးစွဲခြင်း၊ ဒေသရေမြေနှင့်ကိုက်ညီသော အထွက်ကောင်းမျိုးများ တိုးချဲ့စိုက်ပျိုးရေး၊ စိုက်ပျိုးရာသီအတွင်း ကျရောက်တတ်သော ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရေး နည်းလမ်းများ၊ ရိတ်သိမ်းချိန်ကာလ လေလွင့်ဆုံးရှုံးမှုလျော့နည်းစေရေး လိုက်နာရမည့် လုပ်ငန်းစဉ်များ၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများအတိုင်း လိုက်နာကျင့်သုံးနိုင်ရေး နည်းလမ်းများကို အသိပညာပေးဆွေးနွေးခဲ့ပြီး ဟောပြောပွဲသို့ တက်ရောက်လာသော တောင်သူများက စိုက်ပျိုးရေး ဆိုင်ရာများနှင့်ပတ်သက်၍ သိရှိလိုသည့်များကိုမေးမြန်းခဲ့ကြကာ စိုက်ပျိုးရေးဦးစီးမှူးမှ ပြန်လည် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ကမမောင်း (ပြန်/ဆက်)