ထားဝယ်မြို့၌ ပြည်ထောင်စုအစိုးရအဖွဲ့၏ ရက်ပေါင်း(၁၀၀)ကာလအတွင်းဆောင်ရွက်မည့် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေထုတ်ချေး

ထားဝယ်  မေ ၂၆

ပြည်ထောင်စုအစိုးရအဖွဲ့၏ ရက်ပေါင်း(၁၀၀)ကာလအတွင်းဆောင်ရွက်မည့် ၂၀၂၆ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ် ချေး‌ငွေ ထုတ်ချေးခြင်း အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီ က တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ထားဝယ်ခရိုင်ဘဏ်ခွဲ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးစီမံကိန်းစီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမောင်ကြီးက နိုင်ငံသားများ၏ စားနပ်ရိက္ခာဖူလုံစေရေး၊ မြန်မာ့လယ်ယာထွက်ကုန်များကိုနိုင်ငံတကာဈေးကွက်သို့ ယှဉ်ပြိုင်တင်ပို့နိုင်ရေးနှင့်တောင်သူ လယ်သမားများ၏ ဝင်ငွေနှင့်လူမှုစီးပွားရေးဘဝတိုးတက်ရေးတို့ကိုရည်ရွယ်၍ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံဖြိုးတိုးတက်ရန် ဆောင်ရွက်လျက်ရှိရာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က တောင်သူလယ်သမားများ လိုအပ်သောစိုက်ပျိုးစရိတ်အရင်းအနှီးများအတွက် ချေးငွေထုတ်ချေးရေးကဏ္ဍမှ တစ်ဖက်တစ်လမ်းပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းဒေသကြီးအတွင်း ထားဝယ်ခရိုင်ဘဏ်ခွဲ၊ သရက်ချောင်းမြို့နယ်ဘဏ်ခွဲ၊ ရေဖြူမြို့နယ်ဘဏ်ခွဲ၊ မြိတ်ခရိုင်ဘဏ်ခွဲ၊ ပုလောမြို့ နယ်ဘဏ်ခွဲတို့တွင် မေလအတွင်း ၂၀၂၅-မိုး ချေးငွေပြေကျေပြီး ပုံစံ-၇ မူရင်း တိုက်ရိုက်အမည်ပေါက်တောင်သူများကိုထုတ်ချေးပေးသွားမည်ဖြစ်ပြီးထားဝယ်ခရိုင်ဘဏ်ခွဲနှင့်မြိတ်ခရိုင်ဘဏ်ခွဲတို့တွင် မေ (၁၂)ရက်မှစတင်ထုတ်ချေးပေးခဲ့ခြင်းဖြစ်ကြောင်း၊ ယခုချေးငွေပေးအပ်ပွဲသည်ထားဝယ်ခရိုင်ဘဏ်ခွဲမှဒုတိယအကြိမ် တောင်သူများသို့ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ တောင်သူလယ်သမားများက နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ အတွင်းချမှတ်ခွင့်ပြုပေးသော ၂၀၂၆ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေတိုးမြှင့်ထုတ်ချေးငွေများကို အကျိုးရှိရှိအသုံးချ၍ ဈေးကွက်အတွင်း အရည်အသွေးပြည့်မီသော၊ ထွက်နှုန်းကောင်းမွန်သော စပါးများထွက်ရှိရေး ကြိုးပမ်းဆောင်ရွက်ပေးကြရန်လို အပ်ကြောင်းပြောကြားသည်။

ထို့နောက်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ တိုင်းဒေသကြီးမန်နေဂျာ ဦးခင်မောင်စိုးက မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေနှင့် လယ်ယာသုံးစက်ကိရိယာချေးငွေထုတ်ချေးရေး၊ အချိန်စေ့လွန်ကြွေးကျန်များ ပြန်လည်ကောက်ခံရေးဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးပြီး တိုင်းဒေသကြီးစီမံကိန်းစီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးက ရပ်ကွက်/ကျေးရွာအုပ်စု ၆ အုပ်စုရှိ တောင်သူ ၂၃ ဦးအား ချေးငွေ  ၄၀၂ သိန်းကို ပေးအပ်သည်။

ဆက်လက်၍ မြန်မာ့အာမခံလုပ်ငန်းတာဝန်ခံက ရာသီဥတုသီးနှံအာမခံကိစ္စရှင်းလင်းပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)