ရေကြည် ဇန်နဝါရီ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရန် ကာကွယ်ထိန်းချုပ် တားဆီးရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ အသွားအလာ များသည့် နေရာများဖြစ်သော မြို့မဈေးအတွင်း ဈေးရောင်းချ နေသူများနှင့် ဈေးဝယ်ပြည်သူများ အိမ်အပြင် ထွက်သူတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း တပ်ဆင် သွားလာစေရေး Mask Campaign ကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ Mask Campaign ပြုလုပ်ခြင်းကို မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ ဒု-မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဘိုဘိုထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်ကံညွှန့် ဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင်များ မြို့နယ် ဆရာဝန်ကြီး ဒေါက်တာဇော်အောင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပရဟိတလူမှုရေး အသင်းအဖွဲ့များက အခမဲ့ ဖြန့်ဝေပေးခဲ့ပြီး နေအိမ်ပြင်ပထွက်တိုင်း နှာခေါင်းစည်းများ တပ်ဆင်ကြရန်နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များကို စနစ်တကျ လိုက်နာကြရန် အသိပညာပေး ပြောကြားခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယခုအခါ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ရောဂါကူးစက်မှု ဖြစ်ပွားလျက်ရှိရာ စနစ်တကျ တုံ့ပြန်ဆောင်ရွက် နိုင်ရေးနှင့် ဒေသခံပြည်သူများ အနေဖြင့် ပေါ့ဆစွာနေထိုင်ခြင်း မပြုကြရန်၊ မိမိနေအိမ်မှ ပြင်ပထွက်ခွာ သွားလာရာတွင် နှာခေါင်းစည်းများ တပ်ဆင်သွားလာနိုင်ရန်အတွက် ယခုလို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်သူဟန်(ပြန်/ဆက်)