ဘားအံ မေ ၂၆
ကရင်ပြည်နယ် ဘားအံမြို့တွင် “နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးဖို့ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေ ၂၅ ရက် မွန်းလွဲ (၁)နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမတွင်ကျင်းပခဲ့ကြောင်းသိရသည်။
ဦးစွာ ဘားအံခရိုင်ပညာရေးမှူးက လူငယ်များ၏ အနာဂတ်သည် နိုင်ငံတော်၏အနာဂတ် ဖြစ်သည့်အတွက် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရေးနှင့် ကျောင်းနေ ပြင်ပကလေးသူငယ်များ မရှိစေရေးတို့ကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုပညာသင်နှစ်တွင် နိုင်ငံတော်မှ ကျောင်းဝင်ကြေး၊ အားကစားကြေး၊ စာကြည့်တိုက်ကြေးစသည်များအပါအဝင် မည်သည့်အခကြေးငွေမျှ ကောက်ခံခြင်းမရှိဘဲ အခမဲ့စနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်းပြောကြားခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ပညာရေးသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်တည်ဆောက်ရေး၏ အခြေခံအုတ်မြစ်ဖြစ်သည့်အတွက် မိမိတို့၏ သားသမီး၊ ရင်သွေးငယ်များကို လူတော်လူကောင်းများဖြစ်စေရန် ပျိုးထောင်ပေးခြင်းသည် မိမိတို့မိသားစုတွင် သာမက နိုင်ငံတော်ကို ကျေးဇူးပြုခြင်းဖြစ်ကြောင်း အမှာစကားပြောကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်မှ အခမဲ့ဖြန့်ဝေသော ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံနှင့် ကျောင်းဝတ်စုံ များကို တာဝန်ရှိသူများမှ ကျောင်းသား၊ ကျောင်းသူများထံ လက်ဝယ်ရောက် ဖြန့်ဝေပေးခဲ့ပြီး၊ ကျောင်းနေရန် အခက်အခဲရှိသည့် ကျောင်းသား၊ ကျောင်းသူ ၄၀ အား ကျောပိုးအိတ်၊ ထီး၊ ဗလာစာအုပ်နှင့်ခဲတံများကို ထပ်မံပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)