သရက်ချောင်း မေ ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးသည့်တောင်သူများအား ၂၀၂၆ခုနှစ်၊ မိုးစပါးစိုက်ပျိုးရန်အတွက် စိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက် ၁၀နာရီမှစတင်၍ မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ဝန်ထမ်းများက စနစ်တကျထုတ်ချေးပေးလျက်ရှိသည်။
ထိုသို့ထုတ်ချေးပေးရာတွင် မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဒေါ်ကျော့ကျော့မိုးနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက တောင်သူများအား ငွေထုတ်ချေးရာတွင် လိုအပ်သည့်အချက်အလက်များနှင့် စည်းမျဉ်း၊ စည်ကမ်းများကို ရှင်းလင်းပြောကြားသည်။
စိုက်ပျိုးစရိတ်ထုတ်ချေးရာတွင် ယခင်နှစ်စိုက်ပျိုးစရိတ်ချေးငွေများ ပြန်လည်ပေးဆပ်သူများကို ထုတ်ချေးပေးခြင်းဖြစ်ပြီး သရက်ချောင်းမြို့နယ်၊ မြို့ပေါ်ရပ်ကွက်
များမှ ကျောက်မြောင်းရပ်ကွက်ရှိ တောင်သူ ၃၅ဦး၊ တစ်ဧကလျှင် ၃၀၀၀၀၀ နှုန်းဖြင့် စပါးစိုက် ၂၀၉ ဧကအတွက် ချေးငွေကျပ် ၆၂၇၀၀၀၀၀ ကိုလည်ကောင်း၊ ပန်းတောရပ်ကွက်ရှိ တောင်သူ ၂၉ဦး တစ်ဧကလျှင် ၃၀၀၀၀၀ နှုန်းဖြင့် စပါးစိုက်ဧက ၁၈၀ အတွက် ချေးငွေကျပ် ၅၄၀၀၀၀၀၀ ကို ထုတ်ချေးပေးခဲ့ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာထံမှ သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)