ကြံခင်းမြို့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံရေး သတင်းပတ် စတင်ဆောင်ရွက်

ကြံခင်း မေ ၂၆

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် မေလ ၂၅ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ “နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်လက်ခံခြင်းများကို မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ အခြေခံပညာ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့်ကျောင်းများတွင် ယနေ့နံနက်ပိုင်းမှစ၍ ကျောင်းအပ်နှံမှုသီတင်းပတ်အဖြစ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာ အုပ်စုများရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ကျောင်းသူများအား ရာနှုန်းပြည့်ကျောင်းတက်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ကျောင်းအပ်လက်ခံဆောင်ရွက်ပေးရာတွင် ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများက ကျောင်းလာရောက်အပ်နှံသူ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား၊ကျောင်းသူများ အဆင်ပြေချောမွေ့စွာဖြင့် ကျောင်းအပ်နှံရေး ဆောင်ရွက်ပေးချက်ရှိကြပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရးဝန်ကြီးဌာနမှ အခမဲ့ပေးအပ်သော ကျောင်းသုံးစာအုပ်၊ စာ‌ရေးကိရိယာများနှင့် ကျောင်းဝတ်စုံများကို တစ်ပါးတည်းပေးအပ်ကြသည်။

ကြံခင်းမြို့နယ်အတွင်း အခြေခံပညာကျောင်း ၁၂၂ ကျောင်း၊ ကိုယ်ပိုင်ကျောင်း တစ်ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘက)နှစ်ကျောင်းရှိပြီး အခြေခံပညာကျောင်းသို့ ကျောင်းအပ်ရန် လာရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့်မိဘအုပ်ထိန်းသူများ အဆင်ပြေစွာဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။