ကလေးဝ မေ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် "နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့" ဆောင်ပုဒ်နှင့်အညီ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားကို ပညာရေးဌာနမှ ဆရာ ဆရာမများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဇော်ဇော်အောင်က အဖွင့်အမှာစကားပြောကြား၍ မြို့နယ်ပညာရေးမှူး ဦးမောင်လွင်က မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားပြုလုပ်ရခြင်းနှင့် ပညာရေးဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထိုနောက် ကျောင်းလာရောက်အပ်နှံကြသည့် ကျောင်းသား ကျောင်းသူများအား ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ကျောင်းဝတ်စုံတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ကလေးဝမြို့ အခြေခံပညာကျောင်းများတွင် ၂၀၂၆ ခုနှစ် မေလ ၂၅ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ ကျောင်းအပ်နှံရေးသီးတင်ပတ်အဖြစ် ကျောင်းအပ်လက်ခံခဲ့ရာ မေလ ၂၆ ရက်နေ့အထိ ကျောင်းအပ်နှံမှု မူလတန်း ၉၆၀ ဦး၊ အလယ်တန်း ၃၀၂ ဦး၊ အထက်တန်း ၉၁ ဦး စုပေါင်း ၁၃၅၃ ဦး ကျောင်းအပ်လက်ခံခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)