မော်လမြိုင်ကျွန်း မေ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ ရေသန့်ထုတ် လုပ်ရေးစက်ရုံများအား စားသောက်ကုန်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီး ဌာန (FDA) ဦးဆောင်သည့် ပူးပေါင်းအဖွဲ့က ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
ထိုသို့ စစ်ဆေးရာတွင် FDA ဌာနတာဝန်ရှိသူများနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ ပါဝင်သောပူးပေါင်းအဖွဲ့က မြို့နယ်အတွင်းရှိ ရေသန့်ထုတ်လုပ်ရေးစက်ရုံများသို့ သွားရောက်၍ ထုတ်လုပ်မှုလုပ်ငန်းစဉ်များ၊ သန့်ရှင်းရေးအခြေအနေများ၊ ထုတ်ပိုးမှုစနစ်များ၊ ကုန်အမှတ်တံဆိပ်နှင့် ထုတ်လုပ်ခွင့်လိုင်စင်များ ပြည့်စုံမှုရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြပြီး သောက်သုံးရေ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် စားသုံးသူများ ကျန်းမာရေးအတွက် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ စနစ်တကျထုတ်လုပ်ဖြန့်ဖြူးရန်၊ စက်ရုံပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်ရေးကို အထူးဂရုပြုဆောင်ရွက်ရန်နှင့် FDA ၏ သတ်မှတ်ချက်များအား တိကျစွာလိုက်နာဆောင်ရွက်ကြရန် လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးမှုများကို စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းသည့် သောက်သုံးရေများ အသုံးပြုနိုင်စေရေးနှင့် အရည်အသွေးပြည့်မီသော ရေသန့်များ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)