မော်လမြိုင်ကျွန်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် အောင်မြင်စွာ ဆောင်ရွက်လျက်ရှိ

မော်လမြိုင်ကျွန်း မေ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ (၂၅) ရက်နေ့မှ စတင်ကာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံမှုများကို စနစ်တကျ လက်ခံဆောင်ရွက်လျက်ရှိသည်။

“နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ဟူသည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးအသိပညာပေး ဗီနိုင်းပိုစတာများကို ကျောင်းများ၌ စိုက်ထူထားရှိပြီး ကျောင်းအပ်နှံရေးသီတင်းပတ်ကို မေလ (၂၅) ရက်နေ့မှ (၃၁) ရက်နေ့အထိ သတ်မှတ်ဆောင်ရွက်လျက်ရှိပြီး ကျောင်းအပ်နှံရာတွင် မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်အားထက်သန်စွာ လာရောက်အပ်နှံလျက်ရှိပြီး ကျောင်းအပ်နှံပြီးသည့် ကျောင်းသား၊ ကျောင်းသူများအား သင်ရိုးညွှန်းတမ်းစာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံ၊ ကျောင်းဝတ်စုံများကို အခမဲ့ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် မော်လမြိုင်ကျွန်းမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် အဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းအပ်နှံမှုလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး၊ ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ပေးအပ်သည့် ပညာရေးအထောက်အကူပြုပစ္စည်းများ စနစ်တကျဖြန့်ဝေပေးနိုင်ရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်ရေးနှင့် ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ကြားခွင့် မလွတ်ကင်းစေရေးတို့ အတွက် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)