ထားဝယ် မေ ၂၆
တနင်္သာရီတိုင်းဒေသကြီးထားဝယ်မြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာ KG တန်းမှ Grade-12 ကျောင်းသား ကျောင်းသူများက အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေ (၂၅)ရက်မှစတင်၍ ကျောင်းအပ်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး<၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးနှင့် တိုင်းဒေသကြီးဝန်ကြီးများက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ကျောင်းသူများကျောင်းအပ်နှံနေမှုအား လိုက်လံကြည့်ရှုအားပေးသည်။
ဦးစွာ တိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှူးဦးဝင်းနောင်က ကျောင်းသားလက်ခံဆောင်ရွက်မှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းသား၊ကျောင်းသူများ ကျောင်းလာရောက်အပ်နှံမှု အဆင်ပြေချောမွေ့အောင်လက်ခံဆောင်ရွက်ပေးစေလိုကြောင်း၊ ကျောင်းသား၊ကျောင်းသူများအား နွေးထွေးပျူငှာစွာကြိုဆိုလက်ခံဆောင်ရွက်ပေးစေလိုကြောင်း၊ ကျောင်းသား၊ကျောင်းသူများအတွက် ကျောင်းသုံးပုံနှိပ်စာအုပ် အပြည့်အဝရရှိအောင် ဆောင်ရွက်ပေးစေလိုကြောင်းမှာကြားပြီး ဆရာ၊ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းသား မိဘများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ တာဝန်ရှိသူများက ကျောင်းသား၊ကျောင်းသူများအား အခမဲ့ပုံနှိပ်စာအုပ်များ၊ စာရေးကိရိယာများ၊ ကျောင်းဝတ်စုံများနှင့် ကျောင်းသုံးပစ္စည်းများကို ပေးအပ်သည်။
ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေကျပ်သိန်း (၂၀)ကိုပေးအပ်ပြီး ကျောင်းအုပ်ကြီးက ကျေးဇူးတင်စကားပြောကြားသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ ပုဂ္ဂလိက ကျောင်းများတွင် ကျောင်းအပ်နှံရေးကာလ မေလ(၂၅)ရက်နေ့မှ မေ (၃၁) ရက်အထိ ကျောင်းအပ်လက်ခံခြင်းများကို ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်းသိရသည်။
၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင်အခြေခံပညာကျောင်းတက်ရောက် သင်ကြားကြမည့် ကျောင်းသား/ကျောင်းသူများအား ဆရာ/ဆရာမများက နွေးထွေးပျူငှာစွာ ကြိုဆိုလက်ခံလျက်ရှိကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)