ပဲခူးမြို့နယ်အတွင်း ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်း စတင်ဆောင်ရွက်

ပဲခူး မေ ၂၆

"နိုင်ငံတော်စဥ်ဆက်မပြတ်ဖွံဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့" "ဟူသော ဆောင်ပုဒ်နှင့်အညီ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ၂၀၂၆ ခုနှစ် မေလ ၂၅ ရက်နေ့မှ မေလ ၃၁ ရက်နေ့ထိ ပဲခူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ သက်ဆိုင်ရာကျောင်းများတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်တွင် KG တန်းမှ Grade-12 အထိ သက်ဆိုင်ရာအတန်းများအလိုက် ကျောင်းဝတ်စုံများ၊ ကျောင်းသုံးပြဌာန်းစာအုပ်များ၊ ဗလာစာအုပ်များနှင့် စာရေးကိရိယာပစ္စည်းများကို (အခမဲ့) ထုတ်ပေးလျက်ရှိပြီး ကျောင်းနေအရွယ်ကလေးငယ်များ၊ ကျောင်းပြင်ပတွင် ရောက်ရှိနေသော ကျောင်းသား၊ သူများအားလုံး အချိန်မှီကျောင်းအပ်နှံနိုင်ရေးကိုလည်း မိဘဆရာအသင်း၊ ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများနှင့် အတန်းပိုင်ဆရာ/ ဆရာမများမှ ပညာသင်ယူခွင့်ရရှိရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသည်။

၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်အတွက် ပဲခူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၃၆) ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၂၃) ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၃၂) ကျောင်းတို့၌ ကျောင်းသား/ သူများအား ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)