သံတောင်ကြီး မေ ၂၆
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ဒေသခံ ပြည်သူများမှာ အများအားဖြင့် နှစ်ရှည်ပင်များဖြစ်သည့် ကွမ်းသီး၊ ကွမ်းရွက်၊ လက်ဖက်၊ ကော်ဖီ၊ ရော်ဘာ၊ ဖာလာ၊ ဒူးရင်း၊ မင်းကွတ်များကို အသက်မွေးဝမ်းကျောင်းအဖြစ် အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ တညင်းပင်များကို တစ်ပိုင်တစ်နိုင်စီးပွားရေးအဖြင့် စိုက်ပျိုးကြပြီး ယခုနှစ်ပေါ်ဦးပေါ်ဖျားရာသီပေါ်သီးနှံဖြစ်သည့် တညင်းသီးများ ဈေးကောင်းရရှိကြောင်း သိရသည်။
တညင်းပင်များမှာ နှစ်ရှည်ပင်ဖြစ်ပြီး စိုက်ပျိုးပြီး(၇)နှစ်ခန့်တွင် အသီးများစတင်ခူးဆွတ် နိုင်ပြီး အချို့အပင်ကြီးများမှာ အမြင့်ပေ (၄၀)ခန့် ပင်စည်လုံးပတ် (၅)ပေခန့် အထိရှိသည်။ တညင်းပင်များမှာ ဥယျာဉ်ခြံများအတွင်းတွင် သဘာဝအတိုင်းပေါက်ရောက်ခြင်းရှိသကဲ့သို့ စိုက်ပျိုးခြင်းများလည်းရှိသည်။ သံတောင်ကြီးဒေသထွက် တညင်းသီးများကို သံတောင်ကြီးမြို့ပေါ်တွင်သာမက တောင်ငူမြို့အထိပါ ရောင်းချကြသည်။ သံတောင်ကြီးဒေသထွက် တညင်းသီးများမှာ ယခုပေါ်ဦးပေါ်ဖျားအချိန်တွင် ဈေးကောင်းရရှိပြီး အခွံချွတ်(၈)ပြည်တစ်ပုံးလျှင် ကျပ် ၆၀၀၀၀ အထိ ရရှိကြောင်း သိရသည်။
နော်နော်မူ