ကန့်ဘလူ မေ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိစေရန် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး သစ်စိမ်းမြေဩဇာ(ပိုက်ဆန်လျှော်) စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို မေ ၂၅ ရက်နံနက် ၈ နာရီက တောက္ကရှပ်ကျေးရွာ ဦးပိုင်အမှတ် ၆၁၅၊ ကျွဲကျောင်းတဲကွင်း တောင်သူ ဦးစိုးဝင်း၏ လယ်မြေ ၁ ဒသမ ၉၀ ဧက၌ ဆောင်ရွက်သည်။
အဆိုပါသစ်စိမ်းမြေဩဇာ (ပိုက်ဆန်လျှော်)စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုလှိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ခိုင်ဦး၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး ဒေါ်လှကြိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးမျိုးမြင့်တို့က တောင်သူများကို ပိုက်ဆန်လျှော် မျိုးစေ့များပေးအပ်ပြီး တောင်သူများနှင့်အတူ မိုးစပါးစိုက်ပျိုးမည့်လယ်မြေ၌ မျိုးစေ့ချစိုက်ပျိုးပေးသည်။
ယင်းသစ်စိမ်းမြေဩဇာစိုက်ပျိုးခြင်းသည် မြေဆီလွှာဖွဲ့စည်းပုံကောင်းမွန်၍ နိုက်ထရိုဂျင် ဓာတ်မြေဩဇာသုံးစွဲမှုလျှော့ချနိုင်ကြောင်း၊ ပိုက်ဆန်လျှော်မျိုးစေ့ချ၍စိုက်ပျိုးပြီး အပင် ၄၅ ရက် ပန်းပွင့်ချိန်တွင် ထယ်ထိုးမြေမြှုပ်ရမည်ဖြစ်ကြောင်း၊ ပိုက်ဆန်လျှော်ပင်မှာ မြေဆီလွှာ အစိုဓာတ်ကို ကြာရှည်စွာထိန်းသိမ်းပေးနိုင်သည့်အပြင် အလွယ်တကူစိုက်ပျိုးနိုင်ပြီး မျိုးစေ့များကိုလည်း စီးပွားရေးတစ်ခုအနေဖြင့် စိုက်ပျိုးထုတ်လုပ်၍ရကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှူးက တောင်သူများအား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)