လိပ်သို မေ ၂၆
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးအခမ်းအနားကို အဆိုပါကျောင်းရှိ သဇင်ဆောင်ခန်းမတွင် မေ (၂၅) ရက် နံနက် ၁၀ နာရီက ပြုလုပ်သည်။
ဉီးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းဝေဉီး က “နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံနိုင်ရေးအတွက် မိဘဆရာများနှင့် တာဝန်ရှိသူများက ပူးပေါင်းပါဝင်ပေးကြစေလိုကြောင်းနှင့် ကျောင်းအပ်နှံရေးသီတင်းပတ် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် လိပ်သိုမြို့အုပ်ချုပ်ရေးမှူး ဉီးစောမြတ်ကျော်က ကျောင်းပညာရေးသည် အဓိက အခြေခံအုတ်မြစ်ဖြစ်သောကြောင့် မိဘများအနေဖြင့် မိမိတို့၏သားသမီးများ ကျောင်းအပ်နှံနိုင်ရေးကို အလေးထားပေးကြရန် အမှာစကားပြောကြားပြီး မိဘဆရာအသင်းနာယက ဉီးစောဂျေအေဝင်းမြင့်က ကိုဗစ်ကာလတွင် ကျောင်းနှင့်ကင်းကွာခဲ့သော ကလေးများနှင့်ကျောင်းပြင်ပရောက်နေသောကလေးများ ပညာဆက်လက်သင်ယူနိုင်ရေးကို အလေးထားစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများက နိုင်ငံတော်မှ အခမဲ့ထောက်ပံ့သော ကျောင်းသုံးပြဌာန်းစာအုပ်များ၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်နှင့် ကျောင်းဝတ်စုံများကို ကျောင်းသား/ကျောင်းသူများထံသို့ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနားသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ မိဘဆရာအသင်းဝင်များနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နော်ဖလောရင်း