တနင်္သာရီမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများတွင် ကျောင်းအပ်လက်ခံလျက်ရှိ

တနင်္သာရီ မေ ၂၆

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများတွင် ကျောင်းအပ်လက်ခံလျက်ရှိရာ မိဘများမှ ကျောင်းသား၊ ကျောင်းသူများအား ပျော်ရွင်တက်ကြွစွာဖြင့်  မေ ၂၅ ရက် နံနက် ၉ နာရီမှစတင်၍ လာရောက်ကျောင်းအပ်နှံလျက်ရှိကြောင်း သိရသည်။

ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်များကို မေ (၂၅) ရက်မှ ၃၁ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံတော်မှထောက်ပံ့ပေးသည့် ကျောင်းသုံးစာအုပ်များ၊ ဗလာစာအုပ်များနှင့် ကျောင်းဝတ်စုံများကို ကျောင်းသားကျောင်းသူများ လက်ဝယ်သို့အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ကြားနိုင်ရေးအတွက် မသင်မနေရ အခမဲ့ပညာရေးစနစ်ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး “နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့”ဆောင်ပုဒ်နှင့်အညီ အသက် (၅) နှစ်ပြည့်ပြီးသည့် ကလေးသူငယ်တိုင်း မည်သည့်ခွဲခြားမှုမျှ မရှိစေရန်၊ မည်သူတစ်ဦးတစ်ယောက်မျှမကျန်ရှိစေရန်နှင့် အခြေခံပညာသင်ယူခွင့်ရရှိစေရန်အတွက် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တနင်္သာရီ(ပြန်/ဆက်)