ကော့ကရိတ် မေ ၂၆
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ အကြမ်းဖက်သောင်းကျန်းသူများကြောင့် လူနေအိမ်များ မီးလောင်ပျက်စီးသွားခဲ့ရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် မီးလောင်ပျက်စီးသွားသည့် နေအိမ်ပိုင်ရှင်များအား ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပစ္စည်းများပေးအပ်နိုင်ရေး မေ ၂၅ ရက် နံနက် ၁၀ နာရီက အမှတ်(၃)ရပ်ကွက်၊ ဒေါနခန်းမ၌ ညှိနှိုင်းအစည်းအဝေးပြုလုပ်ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နီနီအောင်၊ ခေတ္တခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးကျော်အောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ မီးဘေးသင့်အိမ်ပိုင်ရှင်များ တက်ရောက်ကြသည်။
ညှိနှိုင်းအစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နီနီအောင်မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်ဦးက ပထမဦးစားပေးအဆင့် နေအိမ်ပြန်လည်တည်ဆောက်ကြမည့် မီးဘေးသင့်ပြည်သူများအား လုပ်ငန်းဆောင်ရွက်မှုများနှင့် ဆက်လက်ဆောင်ရွက်မည့် သဘောထားအမြင်များကို ထပ်ဆင့်ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့က မီးလောင်နေအိမ်များပြန်လည် တည်ဆောက်နိုင်ရေး အိမ်တစ်အိမ်လျှင် ဘိလပ်မြေအိတ် ၂၀ နှင့် သွပ်အချပ် ၄၀တို့အား ထောက်ပံ့ပေးအပ်ခဲ့ပြီး ရပ်ကွက်(၁)တွင် ၁၅ အိမ်၊ ရပ်ကွက်(၂)တွင် ၅ အိမ်၊ ရပ်ကွက်(၄)တွင် ၁၁ အိမ်၊ ရပ်ကွက်(၅)တွင် ၂၉ အိမ်၊ ရပ်ကွက်(၆)တွင် ၇ အိမ်နှင့် ရပ်ကွက်(၇)တွင် ၁၇ အိမ်၊ စုစုပေါင်းအိမ်ခြေ ၈၄ အိမ် ရှိကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)