ငါးသိုင်းချောင်း ဇန်နဝါရီ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ရှေ့ဆောင်ရပ်ကွက် ဓမ္မာရုံ၌ ယနေ့ နံနက်ပိုင်းက အမှတ်(၇) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(ပုသိမ်)မှ ရဲအုပ်ဇော်ဝင်းထွဋ်၊ ငါးသိုင်းချောင်း နယ်မြေရဲတပ်ဖွဲ့ စခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုတိယ ရဲအုပ်နေလင်းအောင်နှင့် ရှေ့ဆောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့က ရပ်ကွက်/ကျေးရွာ အခြေပြု လူကုန်ကူးမှု စောင့်ကြည့်ရေးနှင့် လူကုန်ကူးမှု တားဆီးကာကွယ် တိုက်ဖျက်ရေး အကြောင်းအရာများကို အသိပညာပေး ဟောပြောခြင်း၊ ဟောပြောပွဲ တက်ရောက်လာသူများကို (mask)နှာခေါင်းစည်းနှင့် လူကုန်ကူးမှုတားဆီး ကာကွယ်တိုက်ဖျက်ရေး အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အဆိုပါကိစ္စ နှင့်ပတ်သက်၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အသီးသီးတွင် အခြေပြုနေထိုင်သူ ပြည်သူများအနေဖြင့် မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်၌ လူကုန်ကူးမှုကို သတိပြုစောင့်ကြည့်၍ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် အချိန်မီ ချိတ်ဆက် ပူးပေါင်း ဆောင်ရွက်သွားကြရန် ရှေ့ဆောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်က တိုက်တွန်း ပြောကြား ထားကြောင်း သိရသည်။
စိုးမင်းဦး(ပြန်/ဆက်)