လွိုင်ကော် မေ ၂၆
၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်၌ နိုင်ငံတစ်ဝန်းတွင် အခြေခံပညာကျောင်းများကို ဇွန်လ ၁ ရက်နေ့မှ စတင်ဖွင့်လှစ်မည်ဖြစ်၍ ကယားပြည်နယ်အတွင်း အခြေခံပညာကျောင်းများတွင် မေ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျောင်းအပ်လက်ခံခြင်း သီတင်းပတ်အစီအစဉ်ကို စတင်ဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့နယ်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ မိဘအုပ်ထိန်းသူများက ကျောင်းသား ၊ ကျောင်းသူများအား ကျောင်းအပ်နှံနေမှုများကို ကြည့်ရှုအားပေးသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံများနှင့် ကျောင်းသုံးပစ္စည်းများပေးအပ်ခဲ့ပြီး ကျောင်းလာရောက်အပ်နှံကြသော ကျောင်းသားမိဘအုပ်ထိန်းသူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်စကားပြောကြားခဲ့သည်။ ပြည်နယ်ဝန်ကြီးချုပ်က ယခုပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားမည့် ကျောင်းသား/ ကျောင်းသူများအတွက် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များနှင့် စာရေးကိရိယာများ၊ ကျောင်းဝတ်စုံများ ပြည့်စုံလုံလောက်စွာရရှိရေး၊ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းတက်ရောက်နိုင်ရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးတို့ကို ဆောင်ရွက်သွားရန်မှာကြားပြီး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိကာ မိဘအုပ်ထိန်းသူများက ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံနေမှုများကို ကြည့်ရှုအားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံများနှင့် ကျောင်းသုံးပစ္စည်းများပေးအပ်ကာ ကျောင်းလာရောက်အပ်နှံကြသော ကျောင်းသားမိဘအုပ်ထိန်းသူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်စကားပြောကြားသည်။ ထို့နောက် ကျောင်းစာကြည့်တိုက်အတွင်း စာအုပ်စာစောင်များနှင့် ပရိဘောဂများခင်းကျင်းထားရှိမှုူများကို ကြည့်ရှုကာ စာအုပ်စာစောင်များဖြည့်ဆည်းသွားနိုင်ရေး၊ ကျောင်းသား ကျောင်းသူများ စာဖတ်သည့်အလေ့အထရရှိရေးအတွက် စာကြည့်တိုက်ကို စဉ်ဆက်မပြတ်အသုံးပြုနိုင်ရေး ပြင်ဆင်ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။
ကယားပြည်နယ်အတွင်းရှိ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်နှင့် ဘောလခဲမြို့နယ်များတွင်လည်း ကျောင်းအပ်နှံရေးသီတင်းပတ်အစီအစဉ်အဖြစ် ကျောင်းသား ကျောင်းသူများအား စနစ်တကျကျောင်းအပ်လက်ခံဆောင်ရွက်ပြီး ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများကိုပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)