မြန်အောင်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းနှင့် အဘိတ်ဆေးခတ်ခြင်းများဆောင်ရွက်

မြန်အောင် မေ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ပေါ် ရပ်ကွက်များတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများနှင့် အဘိတ်ဆေးခတ်ခြင်းများကို မြို့နယ်ကျန်းမာ‌ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က မြန်အောင်မြို့အမှတ် (၂) ရပ်ကွက်အတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုခရိုင်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်ဝင်း ဦးဆောင်‌၍ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဒေါ်ပြုံးမြင့်နှင့် ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်နီနီလင်း ဦးဆောင်သော ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ရပ်မိ ရပ်ဖများဖြင့် အဖွဲ့ (၅) ဖွဲ့ခွဲ၍ ရပ်ကွက်အတွင်း လူနေအိမ်များ၊ ခြံဝန်းများ၌ ခြင်၊ ယင်နှင့် ပိုးလောက်လန်းပေါက်ဖွားနိုင်သောနေရာများကို ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြပြီး ခြင်၊ ယင် ပေါက်ဖွားမှုမရှိ‌စေရန် ကျန်းမာရေးအသိပညာ‌ပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝင်းဗိုလ်(ပြန်/ဆက်)