ရေစကြို မေ ၂၆
ရေစကြိုမြို့နယ်၌ ရက်(၁၀၀)စီမံချက်အတွင်း မိုးသီးနှံမျိုးစေ့များပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းဝင်းက ရက်(၁၀၀)စီမံချက်အတွင်း ဆောင်ရွက်မည့်ဒေသခံတောင်သူများအနေဖြင့် သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး အောင်မြင်အောင်ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ ဦးလှထွေးအောင်က စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် မျိုးကောင်းမျိုးသန့်များ၊ မျိုးစေ့ထုတ်လုပ်ငန်း၊ စိုက်နည်းစနစ်မှန်ကန်စွာ တိုးတက်လာစေရေးအတွက် တောင်သူများမှ ပူးပေါင်းဆောင်ရွက်ပေးကြရန်နှင့် အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် စိုက်နည်းစနစ်များမှန်ကန်စွာ လိုက်နာကျင့်သုံးကြရန် ဆွေးနွေးပြောကြားခဲ့သည်။ ယင်းနောက် ရက်(၁၀၀)စီမံချက်အတွင်း ဆောင်ရွက်မည့် လက်ပံပင်ကျေးရွာ၊ ကူတုတ်ကျေးရွာ၊ ရွှေကျောင်းကျေးရွာ၊ နွားထိန်းကျေးရွာ၊ သာစည်ကျေးရွာမှ တောင်သူများအား စပါး၊ အစေ့ထုတ်ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံနှင့် မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)မျိုးစေ့များ ပေးအပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းဝင်းနှင့် အဖွဲ့ဝင် ဦးကျော်ဝင်း၊ အတွင်းရေးမှူး၊ ရဲမှူးဝင်းမောင်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ ဦးလှထွေးအောင်၊ မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် ဒေသခံတောင်သူ(၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝေဇင်မို့(ရေစကြို)