ကန့်ဘလူ၌ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ကန့်ဘလူ မေ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေ ၂၆ ရက်နံနက် ၉ နာရီက ကန့်ဘလူမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသားသီးချင့်ဖြင့် သီဆိုဖွင့်လှစ်၍ ကန့်ဘလူခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးကိုကိုလှိုင်က အမှာစကားပြောကြားပြီး ခရိုင်ပညာရေးမှူး ဒေါ်စုစုဌေးက ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုလှိုင်နှင့်တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား ပုံနှိပ်၊ ဗလာစာအုပ်နှင့်ကျောင်းဝတ်စုံများကို ပေးအပ်ခဲ့ကြသည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် ဧည့်ခံသီဆိုကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်တွင် အခြေခံပညာကျောင်း ထက်၊ လယ်၊ မူကျောင်းပေါင်း ၈၁ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၁ ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းဆင့်သင်ကျောင်း ၉ ကျောင်း စုစုပေါင်း ၉၁ ကျောင်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)