ဘိုကလေးမြို့နယ်၌ တောင်သူနည်းပညာဆွေးနွေးပွဲကျင်းပ

ဘိုကလေး မေ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သာပေါင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ခုနှစ် အဓိကသီးနှံများ စိုက်ဧရိယာပြည့်မီအောင် စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးတို့အတွက် လိုအပ်သည့် တောင်သူနည်းပညာဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီခွဲအချိန်၌ ကျင်းပသည်။

ဆွေးနွေးပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန၊ ဖျာပုံခရိုင် ဦးစီးမှူး ဒေါ်အေးအေးမူနှင့်အဖွဲ့၊ ဘိုကလေးမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်ညီညီထွဋ်ပါဝင်သည့် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဝင်များ၊ ဒေသခံတောင်သူများတက်ရောက်ကြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်က စိုက်ပျိုးထုတ်လုပ်မှု ကဏ္ဍတိုးတက်မြင့်မားရေးအတွက် စိုက်ပျိုးမှုနည်းပညာပိုင်းဆိုင်ရာများကို တောင်သူများအနေဖြင့် သိရှိနားလည်နိုင်ရေး ယခုဆွေးနွေးပွဲကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးအေးမူမှ တောင်သူများအနေဖြင့် သွင်းအားစုဈေးနှုန်းများ မြင့်မားနေချိန်တွင် မျိုး၊ မြေ၊ ရေ၊ နည်း အခြေခံ၍ မျိုးစေ့နှင့်ပတ်သက်သည့်နည်းပညာများ၊ ကုန်ကျစရိတ်လျှော့ချနိုင်မည့် မြေဩဇာ အသုံးပြုနည်းများ၊ ဘက်စုံပိုးမွှားကာကွယ်နှိမ်နှင်းနည်းများ စသည့်စိုက်ပျိုးရေး နည်းပညာများအား စနစ်တကျ သေချာမှတ်သားကြရန်၊ ပြန်လည်အသုံးချကြရန်နှင့် အခြားမတက်ရောက်နိုင်သည့် တောင်သူများကိုလည်း ဆက်လက်ဖြန့်ဖြူးပေးကြရန်မှာကြားခဲ့ပြီး မြိ့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်ညီညီထွဋ်မှ တောင်သူနည်းပညာဆွေးနွေးပွဲ ပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ခရိုင်မြေအသုံးချရေးတာဝန်ခံ ဒေါ်အဲလက်စ်ခင်မာဝေမှ ဓါတ်မြေဩဇာ လျှော့ချသုံးစွဲနည်များ၊ စပါးခွံမြေဩဇာနှင့် သဘာဝမြေဩဇာများ ပြုလုပ်သုံးစွဲနည်းများအားလည်းကောင်း၊ ခရိုင်မျိုးစေ့တာဝန်ခံ ဒေါ်နွယ်နီမာမှ မျိုးကောင်းမျိုးသန့်သုံးစွဲနည်း၊ ခေါင်နှံစနစ်ဖြင့် မျိုးရွေးချယ်စိုက်ပျိုးနည်းနှင့် မျိုးစေ့ဆားရည်စိမ်ခြင်းနည်းဖြင့် စိုက်ပျိုးနည်းများအားလည်းကောင်း၊ ခရိုင်သီးနှံကာကွယ်ရေး ယာယီတာဝန်ခံ ဦးဖြိုးဝေအောင်မှ ဘက်စုံပိုးမွှားကာကွယ်နှိမ်နှင်းနည်းများနှင့် ဓါတုဓါတ်ကြွင်းကင်းစင်စေရေးအတွက် ပိုးသတ်ဆေး စနစ်တကျ ကိုင်တွယ်အသုံးပြုခြင်းနည်းလမ်းများကိုလည်းကောင်း တောင်သူများအား အသီးသီး ဆွေးနွေးပညာပေးခဲ့ကြကြောင်း သိရသည်။

မိုးစက်