စစ်ကိုင်း မေ၂၆
စစ်ကိုင်းမြို့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၃)အခြေခံပညာအထက် တန်းကျောင်း၊ ပါရဂူခန်းမ၌ကျင်းပရာ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းနေအရွယ်ကလေးအားလုံး အခမဲ့မသင်မနေရ ပညာရေးစနစ်ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး “နိုင်ငံတော်စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ အသက် ၅ နှစ်ပြည့်ပြီး ကလေး သူငယ်တိုင်း အခြေခံပညာသင်ယူခွင့် ရရှိရန် မေလ ၂၅ ရက်မှ ၃၁ ရက်အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းမြို့နယ်ရှိ ကျောင်းများတွင်လည်း ကျောင်းအပ်လက်ခံခြင်းကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကျောင်းအပ်နှံသည့် ကလေးတိုင်းကိုလည်း ကျောင်းသုံး ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများကို အခမဲ့ ထုတ်ပေးလျက်ရှိပါကြောင်းဖြင့် ပြောကြားခဲ့သည်။
ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းတင့်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များနှင့်တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများကို ထောက်ပံ့ပေးခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်မို့မို့ခိုင်က ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
နေလင်းအောင်