မင်းဘူးမြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်လှုပ်ရှားမှုဆိုင်းဘုတ် စိုက်ထူ

မင်းဘူး မေ ၂၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်လှုပ်ရှားမှုဆိုင်းဘုတ် စိုက်ထူခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ခရိုင်ပညာရေးမှူးရုံးရှေ့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

“နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံပညာသင်ကြားနိုင်ရေး မိဘအုပ်ထိန်းသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ ပူးပေါင်းပါဝင်ဆောင်ရွက်၍ ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် ကျောင်းအပ်နှံရေး သီတင်းပတ်လှုပ်ရှားမှုဆိုင်းဘုတ်အား ပညာရေးဝန်ထမ်းများက စိုက်ထူပေးခြင်းဖြစ်ကာ အဆိုပါဆိုင်းဘုတ်အား မင်းဘူးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေလွင့်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဆိုင်းဘုတ်ရှေ့တွင် အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

ဆက်လက်ပြီး မင်းဘူးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မင်းဘူးမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းအတွင်း ၂၀၂၆ ခုနှစ်၊ မေလ ၂၅ ရက်မှ မေလ ၃၁ ရက်နေ့အထိ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ကျောင်းအပ်လက်ခံခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို သွားရောက်ကြည့်ရှုအားပေးပြီး ကျောင်းသား၊ ကျောင်းသူများအတွက် နိုင်ငံတော်အစိုးရမှ အခမဲ့ပံ့ပိုးပေးသော ကျောင်းသုံးပုံနှိပ်စာအုပ်၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများကို ပေးအပ်ခဲ့သည်။

မောင်မာင်(မင်းဘူး)