တမူး မေ ၂၆
၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းနေအရွယ်ကလေးများအားလုံး အခြေခံပညာသင်ယူနိုင်ဖို့ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းအပ်စတင်လက်ခံနေပြီဖြစ်ရာ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်တွင်လည်း မေလ ၂၅ ရက်နံနက် ၈ နာရီမှစ၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများ၊ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများကို တပြိုင်တည်း ကျောင်းအပ်နှံရေး စတင်လက်ခံနေပြီဖြစ်ကြောင်း သိရသည်။
မြို့နယ်အတွင်း ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးရက်သတ္တပတ်အဖြစ် မေ (၂၅) ရက်မှ မေလ (၃၁) ရက်နေ့ထိ ကျောင်းသား၊ ကျောင်းသူများအား လက်ခံဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး “နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ် ကလေး အားလုံးကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံပညာသင်ကြားနိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ မိဘအုပ်ထိန်းသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ကျောင်းအပ်စတင်လက်ခံနေမှုများအား တမူးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းကိုကိုနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်ချက်များအား ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
တမူးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် အခြေခံပညာကျောင်း ၁၁ ကျောင်း၊ ပုဂွလိက ကိုယ်ပိုင်ကျောင်း ၅ ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၁ ကျောင်း စုစုပေါင်း ၁၇ ကျောင်းဖွင့်လှစ်ခဲ့ပြီး ယခုနှစ် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် အခြေခံပညာကျောင်း ၂ ကျောင်း တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ကာ အဆိုပါကျောင်းများ ကျောင်းဖွင့်ရက်မတိုင်မီ စုပေါင်းသန့်ရှင်းရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။
ရတနာ