ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ပဲစင်းငုံ ဧက ၁၀၀၀၀ ကျော်လျာထားစိုက်ပျိုးမည်

ကျွန်းလှ မေ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ရာသီအလိုက် ပဲမျိုးစုံစိုက်ပျိုးကြရာ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ပဲစင်းငုံ ဧက ၁၀၀၀၀ ကျော်လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

“ကျွန်းလှမြို့နယ်မှာ ပဲမျိုးစုံသီးနှံကို ရာသီအလိုက်စိုက်ပျိုးကြပါတယ်။ ဒီနှစ် မိုးရာသီမှာ ပဲစင်းငုံသီးနှံစိုက်ပျိုးဖို့ ၁၀၉၈၈ ဧကလျာထားပါတယ်။ ပဲစင်းငုံစိုက်ပျိုးရာမှာ သီးသန့်စိုက်ပျိုးကြသလို မြေပဲ၊ အစေ့ထုတ်ပြောင်းတို့နဲ့ သီးညှပ်လည်း စိုက်ပျိုးကြပြီး အခုအခါ တောင်သူတွေ စတင်စိုက်ပျိုးနေကြပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။

အဆိုပါ ပဲစင်းငုံစိုက်ပျိုးသည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသရာသီဥတုနှင့်ကိုက်ညီပြီး ရောဂါပိုးမွှားဒဏ်ခံနိုင်ရည်ရှိသည့် ဈေးကွက်ဝင်အထွက်နှုန်းကောင်း မျိုးများရွေးချယ်စိုက်ပျိုးရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး ကွင်းသရုပ်ပြခြင်းစသည့် စိုက်ပျိုးရေးဆိုင်ရာနည်းပညာများ ကွင်းဆင်းအသိပညာပေးလျက်ရှိသည်။

ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံအဖြစ် ပဲစင်းငုံ ၁၀၉၈၈ ဧက၊ ပဲတီစိမ်း ၄၉၂၈ ဧက၊ မတ်ပဲ ၁၁၄၀၆ ဧကလျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ