နတ်တလင်း မေ ၂၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ၌ စတင်ကျောင်းအပ်လက်ခံခြင်းကို ယမန်နေ့နံနက် ၈ နာရီမှစတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးပုံနှိပ်စာအုပ်များနှင့် ဗလာစာအုပ်များ၊ ကျောင်းဝတ်စုံများ၊ ဘောပင်၊ ခံတဲများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ကျောင်းအပ်နှံခြင်းကို ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ(၂၅)ရက်မှ (၃၁)ရက်နေ့အထိဖြစ်ပြီး ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံစေရေးအတွက် “နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်ပါ အသိပညာပေးဆိုင်းဘုတ်များ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများအား အခြေခံပညာကျောင်းများနှင့် လူစည်ကားရာနေရာများ၌ စိုက်ထူပေးခြင်း၊ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါကျောင်းအပ်လက်ခံရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်ဦးနှင့် စီမံအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။ နတ်တလင်းမြို့နယ်အတွင်း အခြေခံပညာကျောင်း စုစုပေါင်း(၂၃၇)ကျောင်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဝေယံဖြိုး (ပြန်/ဆက်)