သာယာဝတီ မေ ၂၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် "နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံးကျောင်းအပ်နှံကြပါစို့"မြေစိုက်ပိုစတာ(ဗွီနိုင်း)ကို သာယာဝတီမြို့နယ်ဆောက်လုပ်ရေးရုံးဝန်း ဝန်ထမ်းအိမ်ယာရှေ့၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ကျောင်းအပ်နှံရေးဆိုင်ရာ မြေစိုက်ပိုစတာ စိုက်ထူရာတွင် သာယာဝတီခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ထွေး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဆန်းဟို၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား ဦးရဲထွဋ်၊ ဦးကျော်စိုး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းဇော်ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ကျောင်းအပ်နှံရေးဆိုင်ရာ မြေစိုက်ပိုစတာ စိုက်ထူရာသို့ မြို့နယ်ပညာရေးမှူးနှင့် ပညာရေးဌာနမှ ဆရာ၊ဆရာမများ၊ ကျောင်းသားမိဘများ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။
၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ၂၀၂၆ ခုနှစ် မေလ (၂၅) ရက်နေ့မှ မေလ (၃၁) ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျောင်းများ စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)