တောင်ငူမြို့နယ်တွင် စားအုန်းဆီရောင်းချနေမှုများအား ကြပ်မတ်ကြည့်ရှုစစ်ဆေး

တောင်ငူ မေ ၂၄

ပဲခူးတိုင်းဒေသကြီး စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးအဖွဲ့(အတွင်းရေးမှူး) တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်အောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက တောင်ငူမြို့ပေါ်ရပ်ကွက်များရှိ စားအုန်းဆီ လက်ကား/ လက်လီကိုယ်စားလှယ်အရောင်းဆိုင်များ၌ စားအုန်းဆီဝယ်ယူခွင့်စာအုပ်များဖြင့် ရောင်းချရာတွင် သတ်မှတ်စျေးနှုန်း၊ အလေးချိန်၊ သတ်မှတ်ပမာဏအတိုင်း မှန်ကန်စွာရောင်းချမှု ရှိ/မရှိ လိုက်လံ ကြပ်မတ်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးစားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးအဖွဲ့(အတွင်းရေးမှူး) တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်အောင်သည် တောင်ငူခရိုင်စားသုံးသူရေးရာဦးစီးဌာနရုံး၌ တောင်ငူခရိုင်အတွင်းရှိ စားအုန်းဆီလက်ကား/လက်လီ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍ ပြည်သူများအား စားအုန်းဆီဝယ်ယူခွင့်စာအုပ်များဖြင့်ရောင်းချရာတွင် သတ်မှတ်စျေးနှုန်း၊အလေးချိန်၊ သတ်မှတ်ပမာဏအတိုင်း မှန်ကန်စွာရောင်းချရေး၊ သတ်မှတ်စည်းကမ်း အတိုင်း ရောင်းချကြရန် ပြောကြားသည်။

တောင်ငူခရိုင်တွင် ရပ်ကွက်ကျေးရွာ(၂၈၆)အုပ်စု၊ အိမ်ထောင်စုဦးရေ(၁၈၀၀၀၀)ခန့်အား လစဥ်   စားအုန်းဆီ (၃၂၂၈) ပေပါကို လက်ကားကိုယ်စားလှယ်(၆)ဦး၊ လက်လီဆိုင်ခွဲပေါင်း (၁၃၀)ဆိုင်တို့ဖြင့် ပြည်သူများထံသို့  ဖြန့်ဖြူးပေးလျက်ရှိပြီး တောင်ငူမြို့နယ်အနေဖြင့် တစ်လလျှင် (၉၈၅)ပေပါ ခွဲတမ်းရရှိကာ ရပ်ကွက်ကျေးရွာ(၆၄)ခုတွင် အိမ်ထောင်စုတစ်စုလျှင်(၁.၅)ပိဿာနှုန်း၊ အိမ်ထောင်စုဦးရေ(၆၅၀၀၀)ခန့်နှင့် နိုင်ငံ့ဝန်ထမ်းများကိုပါ သတ်မှတ်ရည်ညွှန်းစျေးအတိုင်း ရောင်းချပေးလျက် ရှိကြောင်းသိရသည်။

ဇော်ကိုကို (တောင်ငူ)