မြဝတီမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်ကျောင်းအပ်နှံမှုများ စတင်လက်ခံ

မြဝတီ မေ ၂

ပညာရေးဝန်ကြီးဌာနမှ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကျောင်းအပ်နှံရေးနေ့ သီတင်းပတ်ကို မေ ၂၅ ရက်မှ ၃၁ ရက်အထိ သတ်မှတ်ထားရာ မြဝတီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌လည်း ကျောင်းအပ်နှံလက်ခံခြင်း လုပ်ငန်းများကို ယနေ့ နံနက်ပိုင်းမှ စတင်ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။

ထိုသို့ကျောင်းအပ်နှံ/လက်ခံခြင်းဆောင်ရွက်ပေးရာတွင် ပညာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသော အခြေခံပညာအထက်တန်း၊ အလယ်တန်းကျောင်းသား၊ကျောင်းသူ တစ်ဦးချင်းစီအတွက် ထုတ်ပေးရမည့်  ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများကိုလည်းကောင်း၊ အခြေခံမူလတန်းကျောင်း ကျောင်းသားကျောင်းသူ တစ်ဦးချင်းစီ အတွက်ကျောင်းဝတ်စုံများ၊ ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများကို လည်း ကောင်း  တစ်ပါတည်းထုတ်ပေးလျက်ရှိသည်။

မြဝတီမြို့နယ်တွင် အခြေခံပညာအထက်တန်း၊အလယ်တန်း၊မူလတန်းကျောင်းများ (၁၀၅)ကျောင်းရှိရာ ကျောင်းအပ်နှံ/လက်ခံခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် အခြေခံပညာကျောင်းပေါင်း (၇၄)ကျောင်း ရှိပြီး ကျောင်းအပ်နှံ/လက်ခံခြင်းလုပ်ငန်းများကို သက်ဆိုင်ရာကျောင်းများ၌ စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)