ထားဝယ်ခရိုင်အတွင်းရှိကြက်မွေးမြူရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲအခမ်းအနားကျင်းပ

ထားဝယ်   မေ ၂၅

တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးနှင့် ထားဝယ်ခရိုင်အတွင်းရှိ ကြက်မွေးမြူရေးလုပ်ငန်းရှင်များတွေ့ဆုံပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့ တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးစိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးက တိုင်း‌ဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လူမှုဘဝစီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင် စားဝတ်နေရေးလိုအပ်ချက်များဖြစ်သည့် မွေးမြူရေးလုပ်ငန်းများ၏ မြေပြင်ဆောင်ရွက်ရာ၌ အခက်အခဲများရှိပါက ကူညီပံ့ပိုးပေးရန်အသင့်ရှိပါကြောင်း၊ ဥစားကြက်နှင့်အသားတိုး ကြက်မွေးမြူရေးလုပ်ငန်းသည် အချိန်တိုအတွင်း ဝင်ငွေကောင်းမွန်သည့် စီးပွားရေးလုပ်ငန်း တစ်ခုဖြစ်ကြောင်း၊ ကြက်မွေးမြူရေးအောင်မြင်ရန်အတွက် မျိုးကောင်းမျိုးသန့်ရွေးချယ်ခြင်း၊ ဇီဝလုံခြုံရေး၊ ရောဂါကာကွယ်ရေးနှင့်အာဟာရပြည့်ဝသောအစာကျွေးမွေးခြင်းတို့ကို စနစ်တကျလုပ်ဆောင်ရန် လိုအပ်ကြောင်း၊ ဒေသခံ ပြည်သူများလွယ်လင့်တကူ ဝယ်ယူစားသုံးနိုင်သည့် သင့်တင့်လျှောက်ပတ်သောဈေးနှုန်းဖြစ်ဖို့လည်း အလေးထားသွား ကြရမည်ဖြစ်ကြောင်း၊ ဒေသထွက်အစာကုန်ကြမ်းနှင့်အသင့်သုံး စပ်စာစားသောက်ရန်အတွက် ဥစားကြက်နှင့် အသားတိုးကြက်များသည် ထုတ်လုပ်မှုကုန်ကျစရိတ်နှင့် ဈေးကွက်တင်ပို့စရိတ်တို့ အကြား အမြတ်အစွန်းကျန်သောမွေးမြူရေးဖြစ်ကြောင်း၊ မိမိတို့ကုန်ထုတ်ချိန်တွင် ဈေးကွက်ဝင်ထုတ်ကုန်အရည်အသွေးဖြစ်ရန်နှင့် ထုတ်ကုန်အတွက်အမြတ်အစွန်းရရှိရန်မှာလွန်စွာအရေးကြီး၍ ထုတ်ကုန်အရည်အသွေးနှင့် ထုတ်ကုန်အတွက်အမြတ်အစွန်းရရှိရေး ဟန်ချက်ညီရန်မှာမွေးမြူရေးခြံအတွက် သုံးစွဲရသည့်သွင်းအားစုအပေါ် အဓိကမှီတည်နေကြောင်း၊ သွင်းအားစုပေါင်းများစွာအနက်မှ ကျွေးမွေးရသည့် အာဟာရပြည့်အစာသည်အဓိကဖြစ်ကြောင်း၊ ဒေသအတွင်းကြက်မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးသည် အရေးကြီးကြောင်း၊ ကြက်မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့်တင်ပြ ဆွေနွေးပေးကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက်ကြက်မွေးမြူရေးလုပ်ငန်းရှင်များက ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် တွေ့ကြုံနေရသော အခက်အခဲများအား ရှင်းလင်းဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးက ညှိနှိုင်းဆွေးနွေးပြီး တိုင်းဒေသကြီးမွေးမြူရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာဝင့်သူက နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ အရင်းမပျောက်မတည်ငွေဖြင့် မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုအား ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရှိ အရာထမ်း၊ အမှုထမ်းများအား တွေဆုံနှုတ်ဆက်စကားပြောကြားခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)