မြိတ် မေ ၂၅
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၌ နိုင်ငံတော်မှ မျှော်မှန်းထားသည့် ရည်မှန်းချက်ပန်းတိုင်များ၊ ချမှတ် ထားသည့် ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ၊ မူဝါဒ၊ ရည်မှန်းချက်များကို ခရိုင်အဆင့် ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းများမှ ဟန်ချက်ညီညီ အချိတ်အဆက်မိမိ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် မြိတ်ခရိုင်၏ ၂ဝ၂၆-၂ဝ၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲကို မေ ၂၅ ရက် မွန်းလွဲ(၂)နာရီက မြိတ်ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ကျွန်းရတနာ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၌ အဓိကနှင့် အခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ်တိုးတက်၍ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူတို့၏ လူမှုစီးပွားဘဝ စဉ်ဆက်မပြတ်မြှင့်တင်ရေးအတွက် ဦးစားပေးဆောင်ရွက်မည့်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများ၊ အမျိုးသားပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေးထားမြှင့်တင်ပြီး လူ့စွမ်းအားအရင်းအမြစ်များ တိုးတက်စေရန်နင့် ရေရှည်တည်တံ့စေမည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စဉ်ဆက်မပြတ်တိုးတက်ရေးတို့ကိုအလေးထား၍ ဒေသန္တရစီမံကိန်းကို ရေးဆွဲဆောင်ရွက်ထားခြင်းဖြစ်သည်။
ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲကို မြိတ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးဦး က မြိတ်ခရိုင်၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းဥပဒေပါ ရည်မှန်းချက်များနှင့် လုပ်ငန်းစီမံကိန်းများကို ပြည်သူများအတွက် လက်ငင်းအကျိုးရှိစေမည့် လုပ်ငန်းစီမံကိန်းများအဖြစ် အမှန်တကယ်လက်တွေ့ အကောင်အထည်ဖော်နိုင်ပြီး မြိတ်ခရိုင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူးခြားလေးနက်သည့်လုပ်ငန်းစဉ်အဖြစ် ဆောင်ရွက်သွားကြရန်ပြောကြားသည်။
ထို့နောက် မြိတ်ခရိုင်၏ လယ်ယာကဏ္ဍဒေသန္တရစီမံကိန်း၊ သားငါးကဏ္ဍဒေသန္တရစီမံကိန်း၊ သစ်တောကဏ္ဍဒေသန္တရစီမံကိန်း၊ လျှပ်စစ်ကဏ္ဍဒေသန္တရစီမံကိန်း၊ ပို့ဆောင်ရေးကဏ္ဍဒေသန္တရစီမံကိန်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်းများနှင့် မြိတ်မြို့နယ်၏ ဒေသန္တရစီမံကိန်းများကို ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် မြို့နယ်စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌတို့အား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ပေးအပ်သည်။ ဆက်လက်၍ မြိတ်ခရိုင်စီမံကိန်းဦးစီးရုံး ခရိုင်စီမံကိန်းဦးစီးမှူး ဒေါ်မြတ်သီတာက မြိတ်ခရိုင်၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)