ပုလောမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းသားကျောင်းသူများအား ကျောင်းအပ်လက်ခံ

ပုလော  မေ   ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့ ဟူသော ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေ ၂၅ ရက်မှ ၃၁ ရက်အထိ သတ်မှတ်ထားရာ ယနေ့နံနက် ၉ နာရီမှစ၍ ပုလောမြို့နယ်ရှိအခြေခံပညာကျောင်းများ၌  ကျောင်းအပ်လက်ခံနေကြောင်း သိရသည်။

ပုလောမြို့နယ်အတွင်းရှိ ကျောင်းများတွင်သက်ဆိုင်ရာ အတန်းများအလိုက် ကျောင်းအုပ်ကြီးများ နှင့် အတန်းပိုင် ဆရာ၊ ဆရာမများမှ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံခြင်းကို လက်ခံ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျောင်းသားတစ်ဦးလျှင် ကျောင်းသုံးပြဋ္ဌာန်းစာအုပ် (၁)စုံ၊ ဗလာစာအုပ် (၁)ဒါဇင်နှင့် မူလတန်းအဆင့်အတွက် ကျောင်း၀တ်စုံနှင့် ခဲတံ(၄)ချောင်း၊ အလယ်တန်း နှင့် အထက်တန်းအဆင့်အတွက် ကျောင်းသုံးပြဋ္ဌာန်းစာအုပ် (၁)စုံ၊ ဗလာ စာအုပ် (၁)ဒါဇင် ၊ ခဲတံ (၂)ချောင်းနှင့် ဘောပင်(၂)ချောင်းစီတို့ကို (အခမဲ့) ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ပုလော (ပြန်ဆက်)