ညောင်ဦးမြို့နယ်၌  ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများ ကျောင်းအပ်စတင် လက်ခံလျက်ရှိရာ ကျောင်းအပ်နှံသူများပြားလျက်ရှိ

ညောင်ဦး  မေ  ၂၅

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းသားကျောင်းသူများအား မေ ၂၅ ရက် နံနက်  ၉ နာရီက စတင်၍ ကျောင်းအပ်စတင်လက်ခံလျက်ရှိရာ ကျောင်းအပ်လာသူ ကျောင်းသား/ကျောင်းသူများ များပြားလျက်ရှိကြောင်း သိရသည်။

ကျောင်းအပ်လာသည့် ကျောင်းသားကျောင်းသူများအား သက်ဆိုင်ရာအတန်းအလိုက် ဆရာ၊ ဆရာမများက စနစ်တကျကျောင်းအပ်လက်ခံပေးလျက်ရှိကြောင်း KG တန်းမှ Grade - 12 အထိ ကျောင်းသားကျောင်းသူများကို ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကျောင်းဝတ်စုံ၊ ပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံနှင့်ဘောပင်များ ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း ခရိုင်ပညာရေးမှူး ဦးကျော်ဝင်းထံကသိရသည်။

ညောင်ဦးမြို့နယ်၌ ကျောင်းသားကျောင်းသူများစတင်လက်ခံလျှက်ရှိသည့် မေ ၂၅ ရက်နေ့မှာပင် ညောင်ဦးမြို့နယ်၌ အခြေခံပညာမူလတန်းကျောင်း KG တန်းမှ G – 5 အထိ  (၂၄၀၈)ဦး၊ အခြေခံပညာအလယ်တန်းကျောင်း Grade - 6 မှ Grade - 9 ထိ (၁၀၆၄)ဦး၊ Grade -10 မှ Grade -12 ထိ၊ ကျောင်းသားကျောင်းသူ(၃၈၂)ဦး လာရောက်အပ်နှံခဲ့ရာ ကျောင်းသားကျောင်းသူ စုစုပေါင်း (၃၈၅၄) ဦးရှိကြောင်းသိရသည်။

အဆိုပါ အခြေခံပညာကျောင်းများလာရောက်အပ်နှံလျက်ရှိသည့် ကျောင်းများသို့ ကျောင်းသားကျောင်းသူများ အဆင်ပြေချောမွေ့စွာအပ်နှံနိုင်ရေးနှင့်စာသင်ခန်းများ၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိစေရေးတို့အတွက် ညောင်ဦးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ   ဦးဝင်းလှိုင်တင့်နှင့် မြို့နယ်ကော်မတီဝင်များက ကြည့်ရှုအားပေးခဲ့ကြကာ လိုအပ်သည်များပေါင်းစပ်ဆောင်ရွက်နိုင်ရေး ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။

ဒီပါလင်း