သရက်ချောင်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ

သရက်ချောင်း မေ ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉နာရီအချိန်က သရက်ချောင်းမြို့၊အခြေခံပညာ (အ-ထ-က)သရက်ချောင်းကျောင်း ပညာရတနာခန်းမတွင် ကျင်းပသည်။

အဆိုပါအခမ်းအနားသို့ သရက်ချောင်းမြို့နယ်၊ စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းနှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး ဒေါ်လှ‌အေးနှင့် ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ ရပ်မိ/ရပ်ဖများ၊ မိဘများနှင့် ကျောင်းသား/သူများ တက်ရောက်ကြပြီးနောက် (အ-ထ-က)
သရက်ချောင်းကျောင်းမှ ကျောင်းသား/သူများက "မြန်မာ့ကျောင်းသား" သီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနား ဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက အခမ်းအနားသို့ တက်ရောက်လာသူများအား ဦးစွာ နှုတ်ခွန်းဆက် အမှာစကား ပြောကြားခြင်း၊ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်စေရန်အတွက် လူ့စွမ်းအားအရင်းအမြစ်ဖြင့်သာ အဓိကဆောက်တည်ရခြင်းဖြစ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အသိပညာ၊ အတက်ပညာပြည်စုံသည့် ပညာတက်များ ပေါ်ထွက်လာစေရန် အလေးထားဆောင်ရွက်နေသကဲ့သို့ ကျောင်းနေရွယ် ကလေးအားလုံးကျောင်းနေရေး၊ ကျောင်းသား/သူများအားလုံး အနည်းဆုံး အလယ်တန်းအဆင့် (KG+9) ပြီးမြောက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိရင်သွေးငယ်များ အနာဂတ်ပညာရေး တိုးတက်လာ၍ အမှား/အမှန် ဝေဖန်ပိုင်းခြားနိုင်အောင် ကျောင်းသားမိဘတိုင်းက ကျောင်းအမြန်အပ်နှံကြဖို့ တိုက်တွန်းကာ အမှာစကား ပြောကြားသည်။

ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ ပညာရေးမှူး ဒေါ်လှ‌အေးက အခမ်းအနားသို့ တက်ရောက်လာသူများအား ကျောင်းအပ်နှံရေးနှင့် ပတ်သက်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် သရက်ချောင်းမြို့နယ်၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းနှင့် တာဝန်ရှိသူများက နိုင်ငံတော်မှ အခမဲ့ ဖြန့်ဝေထားသော ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများကို ကျောင်းသား/သူများအား ထောက်ပံ့‌ပေးအပ်ပြီးနောက် (အ-ထ-က)သရက်ချောင်းကျောင်းမှ ကျောင်းသား/သူများက "ခေတ်မီဖွံ့ဖြိုးသောနိုင်ငံတော်သစ်ဆီသို့"သီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချူပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းနှင့် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံလက်ခံနေမူများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)