မြိတ်မြို့နယ် အခြေခံပညာကျောင်းများတွင် KG မှ Grade-12 ကျောင်းသား/သူများအား ကျောင်းအပ်လက်ခံဆောင်ရွက်ပေး

မြိတ် မေ ၂၅

၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာ KG မှ Grade-12 ကျောင်းသား/သူများကို မြိတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီး၌   ကျောင်းအပ်နှံရေး သီတင်းပတ် ပထမရက် မေ(၂၅)ရက်မှ စတင်ကာ ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ မိဘအုပ်ထိန်းသူများက မိမိတို့၏ ကလေးငယ်များအား ကျောင်းများတွင် လာရောက်အပ်နှံလျက်ရှိကြသည်။

ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ကြားနိုင်ရေးအတွက် မသင်မနေရ အခမဲ့ပညာရေး စနစ်ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး   “နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံကြစို့ ”ဆောင်ပုဒ်နှင့်အညီ အသက်(၅)နှစ်ပြည့်ပြီး ကလေးသူငယ်တိုင်း မည်သည့်ခွဲခြားမှုမရှိစေရန်၊ မည်သူတစ်ဦးတစ်ယောက်မျှမကျန်ရှိစေရန်နှင့် အခြေခံပညာသင်ယူခွင့်ရရှိရန် မေ(၂၅) ရက်မှ(၃၁)ရက်အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ဆောင်ရွက်၍ ကျောင်းအသီးသီး၌ ကျောင်းအပ်နှံ လက်ခံဆောင်ရွက်ပေးလျက်ရှိကြသည်။ 

ထိုသို့ ကျောင်းအသီးသီး၌ မိဘအုပ်ထိန်းသူများက ကျောင်းသား/သူများအား အတန်းအလိုက် ကျောင်း လာရောက်အပ်နှံနေမှုအား ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြသည်။ မြိတ်မြို့နယ်အတွင်း အထက်တန်းကျောင်း (၁၈)ကျောင်း၊ အထက်တန်းကျောင်းခွဲ(၈)ကျောင်း၊ အလယ်တန်းကျောင်း (၁၂)ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၉)ကျောင်း၊ မူလတန်းလွန်ကျောင်း (၂၄)ကျောင်း၊ မူလတန်းကျောင်း (၇၂)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၅)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၈)ကျောင်း ရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

မြိတ်မြို့နယ်အတွင်းရှိ ကျောင်းအသီးသီးတွင် ကျောင်းအပ်နှံရေးသီတင်းပတ်ကာလအတွင်း KG မှ Grade-12 ကျောင်းသား/သူများကို အတန်းစဉ်အလိုက် ကျောင်းအပ်လက်ခံ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ KG ကျောင်းသား/သူများကို ကျောင်းသုံးပုံနှိပ်စာအုပ်၊ ခဲတံ(၄)ချောင်း၊ ကျောင်းဝတ်စုံတစ်စုံ၊ Grade-1 မှ Grade-5 မူလတန်း ကျောင်းသား/သူများကို ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်(၁)ဒါဇင်၊ ခဲတံ(၄)ချောင်းနှင့် ကျောင်း ဝတ်စုံ(၁)စုံ၊ Grade-6 မှ Grade-12 အလယ်တန်းနှင့်အထက်တန်း ကျောင်းသား/သူများကို ကျောင်းသုံးပုံနှိပ် စာအုပ်၊ ဗလာစာအုပ်(၁)ဒါဇင်နှင့် ခဲတံ(၂)ချောင်းနှင့် ဘောပင်(၂)ချောင်းကို အခမဲ့ပေးအပ်သွားမည် ဖြစ်ကြောင်း  မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ခိုင်ထူး (ပြန်/ဆက်)