ပုသိမ် မေ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများတွင် ကျောင်းအပ်လက်ခံလျက်ရှိရာ မိဘများမှ ကျောင်းသား၊ ကျောင်းသူများအား ပျော်ရွင်တက်ကြွစွာဖြင့် ယနေ့နံနက် ၉ နာရီအချိန်မှစတင်၍ လာရောက်ကျောင်းအပ်နှံလျက်ရှိကြောင်း သိရသည်။
ကျောင်းအပ်နှံရေးလုပ်ငန်းစဥ်များကို ၂၀၂၆ ခုနှစ်မေလ (၂၅) ရက်နေ့မှ မေလ (၃၁) ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံတော်မှထောက်ပံ့ပေးသည့် ကျောင်းသုံးစာအုပ်များ၊ ဗလာစာအုပ်များနှင့် ကျောင်းဝတ်စုံများကို ကျောင်းသူ/သားများ လက်ဝယ်သို့အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ကြားနိုင်ရေးအတွက် မသင်မနေရ အခမဲ့ပညာရေးစနစ်ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး “နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့ ”ဆောင်ပုဒ်နှင့်အညီ အသက် (၅) နှစ်ပြည့်ပြီးသည့် ကလေးသူငယ်တိုင်း မည်သည့်ခွဲခြားမှုမရှိစေရန်၊ မည်သူတစ်ဦးတစ်ယောက်မျှမကျန်ရှိစေရန်နှင့် အခြေခံပညာသင်ယူခွင့်ရရှိစေရန်အတွက် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများမှ ဝိုင်းဝန်းပူးပေါင်း တိုက်တွန်းဆောင်ရွက်လျက်ရှိကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)