ပန်းတောင်း မေ ၂၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် “နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း(ပန်းတောင်း)ခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ရှေးဦးစွာ အ.ထ.က (ပန်းတောင်း) ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်အေးမူက အဖွင့်အမှာစကားပြောကြားပြီး အ.ထ.က (ပန်းတောင်း) အထက်တန်းပြဆရာမ ဒေါ်ချိုချိုဝင်း၊ အလယ်တန်းပြဆရာမ ဒေါ်မြင့်မြင့်ခိုင်နှင့် မူလတန်းပြဆရာမ ဒေါ်ခင်ခင်ဆွေတို့မှ ကျောင်းသား၊ ကျောင်းသူများလိုက်နာရမည့် ဝတ်စားဆင်ယင်မှုပုံစံ၊ ယာဉ်အန္တရာယ်ကင်းရှင်းမှုရှိစေရေး၊ ခိုက်ရန်ဖြစ်ပွားမှုမရှိစေရေး၊ အန္တရာယ်ဖြစ်စေနိုင်သောပစ္စည်းများ ကျောင်းသို့ယူဆောင်လာခြင်းမပြုစေရေး၊ ဆေးလိပ်၊ E-Cigarette ၊ အရက်သေစာများ သောက်စားမှုမရှိစေရေး စသည့် စည်းမျဉ်း၊ စည်းကမ်းများနှင့် အပြစ်ဒဏ်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တာဝန်ရှိသူများက နိုင်ငံတော်မှအခမဲ့ထောက်ပံ့သော ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်နှင့် ကျောင်း၀တ်စုံများကို ကျောင်းသား၊ ကျောင်းသူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။ အဆိုပါအခမ်းအနားသို့ အ.ထ.က(ပန်းတောင်း) ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ မိဘဆရာအသင်းဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လပြည့်လင်း (ပြန်/ဆက်)