ပုသိမ် မေ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ပုသိမ်ခရိုင်ဘဏ်ခွဲမှ နိုင်ငံတော်အစိုးရ၏ရက် (၁၀၀)စီမံချက်အရ ဆောင်ရွက်သည့် ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်ကာကျေးရွာများကို ထုတ်ချေးပေးလျက်ရှိသည်။
ထို့ကဲ့သို့ထုတ်ချေးပေးရာတွင် တိုင်းဒေသကြီးမန်နေဂျာဦးဝင်းနိုင်က စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးခြင်းနှင့် ပတ်သက်၍ အမှန်တကယ်ထိရောက်သည့် စိုက်ပျိုးရေးလုပ်ငန်းများတွင်သာ အကျိုးရှိရှိ သုံးစွဲကြစေလိုကြောင်း၊ ထုတ်ယူခဲ့ကြသည့် စိုက်ပျိုးဧကများအတိုင်း ပြည့်ပြည့်ဝဝ စိုက်ပျိုးကြစေလိုကြောင်း၊ ပြန်လည်ပေးဆပ်ရာတွင် သတ်မှတ်ရက်အတိုင်း ပြေကျေစွာပေးဆပ် ကြရန်လိုကြောင်းနှင့် ချေးငွေစည်းကမ်းချက်များ ရှင်းလင်းပြောကြားခဲ့ပြီး တိုင်းဒေသကြီး မြန်မာ့အာမခံလုပ်ငန်းတာဝန်ခံဦးသန်းထွန်းက အာမခံဆိုင်ရာ အချက်အလက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးမန်နေဂျာဦးဝင်းနိုင်၊ တိုင်းဒေသကြီးမြန်မာ့အာမခံလုပ်ငန်းတာဝန်ခံ ဦးသန်းထွန်း၊ တိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဒုတိယမန်နေဂျာနှင့် ခရိုင်မန်နေဂျာတို့က ရှမ်းကွင်းကျေးရွာအုပ်စု၊ ကွင်းပေါက်ကြီးကျေးရွာအုပ်စုနှင့် ရွှေသောင်ယံကျေးရွာအုပ်စုတို့မှ တောင်သူ (၁၀၁)ဦး၏ စိုက်ပျိုးမြေဧက (၇၅၁)ဧကအတွက် တစ်ဧက လျှင် (၃၀၀၀၀၀)ကျပ်နှုန်းဖြင့် ကျပ် (၂၂၅၃.၀၀)သိန်းကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ပုသိမ်ခရိုင်တွင် မေလ (၂၅)ရက် ယနေ့နံနက်ပိုင်းမှ စတင်ကာ ကျေးရွာအုပ်စု (၃)အုပ်စုကို စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေးလျက်ရှိပြီး ကျန်ရှိသော ကျေးရွာအုပ်စုများအား ဆက်လက် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)