မော်လမြိုင်ကျွန်း မေ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သန့်ရှင်းရေးဝန်ထမ်းများ၏ ကျန်းမာရေးကောင်းမွန်စေရေးနှင့် လုပ်ငန်းခွင်အတွင်း ကျန်းမာရေးဆိုင်ရာ အန္တရာယ်များမှ ကာကွယ်နိုင်စေရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို မော်လမြိုင်ကျွန်းမြို့နယ် ပြည်သူ့ဆေးရုံ၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို မြို့နယ်ဆေးရုံအုပ် ဒေါက်တာစန်းဝင်း ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းတို့က သန့်ရှင်းရေးဝန်ထမ်းများအား အထွေထွေကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ လိုအပ်သည့် ဆေးဝါးများထောက်ပံ့ပေးခြင်းနှင့် မေးခိုင်ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။ ထို့ပြင် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်နေမှုကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှုအားပေးခဲ့ပြီး သန့်ရှင်းရေးဝန်ထမ်းများ၏ ကျန်းမာရေးနှင့် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးတို့အတွက် လိုအပ်သည်များကို မေးမြန်းညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)