ရွှေဘိုတက္ကသိုလ်၌ အခြေခံပညာမူလတန်းပြ ဆရာ၊ ဆရာမများအတွက် အင်္ဂလိပ်စာ အရည်အသွေးမြှင့်သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ရွှေဘို မေ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်းရှိ အခြေခံပညာမူလတန်းပြ ဆရာ၊ ဆရာမများ၏ အင်္ဂလိပ်စာစွမ်းရည် ပိုမိုမြင့်မားလာစေရန်အတွက်ရည်ရွယ်၍ ဖွင့်လှစ်သည့် "အင်္ဂလိပ်စာ အရည်အသွေးမြှင့်သင်တန်း" ဆင်းပွဲအခမ်းအနားကို မေ ၂၂ ရက်နေ့နံနက် (၁၀) နာရီက ရွှေဘိုတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရွှေဘိုတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာမြယဉ်ယဉ်ငြိမ်းက သင်တန်းဆင်းအမှာစကားပြောကြားခဲ့သည်။ ထို့နောက်ခရိုင်ပညာရေးမှူးမှ သင်တန်းတက်ရောက်ကြသည့် ဆရာ၊ ဆရာမများအား အမှာစကားပြောကြားခဲ့ပြီး ဒုတိယပါမောက္ခချုပ်ဆရာမကြီး‌ ဒေါက်တာမြယဉ်ယဉ်ငြိမ်းနှင့် တာဝန်ရှိသူများက သင်တန်းဆင်း လက်မှတ်များပေးအပ်ခဲ့ပြီး သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို မူလတန်းအဆင့် သင်ရိုးသစ်ဘာသာရပ်များ သင်ကြားရာတွင် ဆရာ၊ ဆရာမများအနေဖြင့် အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြု၍ ထိရောက်သော သင်ကြားမှုနည်းစနစ်များ ဖော်ဆောင်နိုင်ရန်အတွက်ဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလမှာ ဧပြီ ၂ဝ ရက်မှ မေ ၂၂ ရက်အထိဖြစ်ပြီး မြို့နယ်အတွင်းရှိ မူလတန်းပြ ဆရာ၊ ဆရာမ (၁၀၀)ဦး တက်ရောက် သင်ကြားခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)