ချောက် မေ ၂၅
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် "နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြစို့'' ဆောင်ပုဒ်နှင့်အညီ ယနေ့နံနက်၈နာရီအချိန်မှစတင်ကာ ကျောင်းအပ်နှံလက်ခံခြင်းများ ဆောင်ရွက်ကြောင်း သိရသည်။
ကျောင်းအပ်နှံရာတွင် KG တန်းကလေးများအတွက် သင်ရိုးသစ်ပုံနှိပ်စာအုပ်၄မျိုးနှင့် ကျောင်းဝတ်စုံ၊ မူလတန်း Grade-1 မှ Grade-5 တွင် ပုံနှိပ်၊ဗလာစာအုပ်၊ခဲတံ၊ကျောင်းဝတ်စုံများပေးအပ်ခြင်း အလယ်တန်း၊ အထက်တန်းတွင် ဘောပင်၊ဗလာစာအုပ်၊ ပုံနှိပ်ဘာသာစုံအခမဲ့ပေးအပ်ကြောင်းနှင့် ချောက်မြို့နယ် ကျောင်းများတွင် မိဘအုပ်ထိန်းသူများ၊ကျောင်းသား၊ကျောင်းသူများက သက်ဆိုင်ရာအတန်းများအလိုက် လာရောက်ကျောင်းအပ်နှံလျက်ရှိကြောင်း သိရသည်။
ချောက်မြို့နယ်တွင် အထက်တန်းကျောင်း(၁၃)ကျောင်း၊ အထက်တန်းကျောင်းခွဲကျောင်း(၃၆)ကျောင်း၊ အလယ်တန်းကျောင်း(၁၆)ကျောင်း၊ အလယ်တန်းခွဲကျောင်း(၁၁)ကျောင်း၊ မူလတန်းလွန်ကျောင်း(၂၆)ကျောင်း၊ အ.မ.ကကျောင်း(၈၉)ကျောင်း၊ အ.မ.ကခွဲကျောင်း(၃)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၁) ကျောင်း၊ ဘုန်းတော်ကြီးကျောင်း(၅)ကျောင်း စုစုပေါင်းဖွင့်လှစ်သည့်ကျောင်း(၂၀၀)ရှိပြီး မေလ၂၅ရက်မှ၃၁ ရက်အထိ အခမဲ့ကျောင်းအပ်လက်ခံခြင်းများကိုဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးတာဝန်ရှိသူထံမှ သိရသည်။
ကျော်မိုး(ပြန်/ဆက်)