မြင်းမူမြို့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

မြင်းမူ မေ ၂၅

မြင်းမူမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြင်းမူမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ကြသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းနိုင်က ကျောင်းနေအရွယ်ကလေးအားလုံး အခမဲ့မသင်မနေရ ပညာရေးစနစ်ကို ချမှတ်အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး “နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေ အရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ အသက် ၅ နှစ်ပြည့်ပြီး ကလေးသူငယ်တိုင်း အခြေခံပညာသင်ယူခွင့်ရရှိရန် မေလ ၂၅ ရက်မှ ၃၁ ရက်အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ဆောင်ရွက်လျက်ရှိရာ မြင်းမူမြို့ပေါ်ရှိ ကျောင်းများတွင်လည်း ကျောင်းအပ်လက်ခံခြင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ပညာရေးမှူးက ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းနိုင်နှင့် တာဝန်ရှိသူများက KG မှ Grade-12 အထိ ကျောင်းလာရောက်အပ်နှံသော ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများကို အခမဲ့ထုတ်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)