မြန်အောင် မေ ၂၅
၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် မေလ ၂၅ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ “နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်လက်ခံခြင်းများကို မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ အခြေခံပညာ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့်ကျောင်းများတွင် ယနေ့နံနက်ပိုင်းမှစ၍ ကျောင်းအပ်နှံမှုသီတင်းပတ်အဖြစ် ဆောင်ရွက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စုများရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား ရာနှုန်းပြည့်ကျောင်းတက်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည်။
မြန်အောင်မြို့နယ်အတွင်း အခြေခံပညာကျောင်း (၂၆၈) ကျောင်းနှင့်ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(ဘက) (၄)ကျောင်းရှိပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရးဝန်ကြီးဌာနမှ အခမဲ့ပေးအပ်သော ကျောင်းသုံးစာအုပ်၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများကို တစ်ပါးတည်းပေးအပ်ကြသည်။
မြန်အောင်မြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် စာရင်းရှိ ကျောင်းသား/ကျောင်းသူ(၃၆၃၃၂)ဦး ရှိပြီးယနေ့ ကျောင်းသား/ကျောင်းသူ (၁၁၆၇၀)ဦး ကျောင်းအပ်လက်ခံပြီးကြောင်း မြို့နယ်ပညာရေးမှူးရူံးမှ သိရသည်။
ဝင်းဗိုလ် (ပြန်/ဆက်)