ငဖဲမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်စတင်လက်ခံ

ငဖဲ မေ ၂၅

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်း၊အလယ်တန်းနှင့် အထက်တန်းကျောင်းများအားလုံးရှိ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံရေးအတွက် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် “နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ  ကျောင်းသား/ကျောင်းသူများ ကျောင်းအပ်နှံရေးကို ယနေ့နံနက်ပိုင်းမှစတင်၍ အခြေခံပညာကျောင်းများတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် တန်းခွဲအလိုက် ကျောင်းအပ်နှံကြသူ ကျောင်းသား/ကျောင်းသူများအား ပညာရေးဝန်ကြီးဌာနမှ အခမဲ့ဖြန့်ဝေပေးသောအတန်းလိုက် ကျောင်းသုံးပြဌာန်းစာအုပ်များနှင့် ကျောင်းသုံးစာရေးကိရိယာဗလာစာအုပ်တစ်ဒါဇင်၊ ခဲတံ ၄ ချောင်းနှင့် ကျောင်းဝတ်စုံတစ်စုံစီကို မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းသုံးပြဌာန်းစာအုပ်၊ ကျောင်းသုံးစာရေးကိရိယာ ဗလာစာအုပ် တစ်ဒါဇင် ၊ ခဲတံ ၂ ချောင်း၊ ဘောလ်ပင် ၂ ချောင်းစီကို အလယ်တန်းနှင့်အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူများအား အခမဲ့ပေးအပ်သည်။

ငဖဲမြို့နယ်တွင် အထက်တန်းကျောင်း ၂ ကျောင်း၊ အ.ထ.က(ခွဲ) ၄ ကျောင်း၊ အ.လ.က ၄ ကျောင်း၊ အ.လ.က(ခွဲ) ၁၀ ကျောင်း၊ မူလွန် ၆ကျောင်း၊ အ.မ.က ၁၉ ကျောင်း ၊ အ.မ.က(ခွဲ) ၁ ကျောင်းနှင့် ဘုန်းတော်ကြီးသင်ကျောင်း ၂ ကျောင်း စုစုပေါင်း ၄၈ ကျောင်း ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မယု(ငဖဲ)