သာယာဝတီ မေ ၂၅
၂၀၂၆-၂၀၂၇ ပညာသင်နှစ်အခြေခံပညာ KG မှ Grade-12 ကျောင်းသား၊ ကျောင်းသူများကို သာယာဝတီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီး၌ ကျောင်းအပ်နှံရေးသီတင်းပတ် ပထမရက် ယနေ့ မေ(၂၅)ရက်မှစတင်ကာ ကျောင်းအပ်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ မိဘအုပ်ထိန်းသူများက မိမိတို့၏ကလေးငယ်များအား ကျောင်းများတွင် လာရောက်အပ်နှံလျက်ရှိကြသည်။
ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ကြားနိုင်ရေးအတွက် မသင်မနေရအခမဲ့ပညာရေးစနစ်ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး “နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ အသက်(၅)နှစ်ပြည့်ပြီး ကလေးသူငယ်တိုင်း မည်သည့်ခွဲခြားမှုမှမရှိစေရန်၊ မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရှိစေရန်နှင့် အခြေခံပညာသင်ယူခွင့်ရရှိရန် မေ(၂၅)ရက်မှ(၃၁)ရက်အထိ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ်ဆောင်ရွက်၍ ကျောင်းအသီးသီး၌ ကျောင်းအပ်နှံလက်ခံ ဆောင်ရွက်ပေးလျက်ရှိကြသည်။
ထိုသို့ကျောင်းအသီးသီး၌ မိဘအုပ်ထိန်းသူများက ကျောင်းသား၊ ကျောင်းသူများအား အတန်းအလိုက် ကျောင်းလာရောက်အပ်နှံနေမှုအား ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်အတွင်း အထက်တန်းကျောင်း(၆)ကျောင်း၊ အထက်တန်းကျောင်းခွဲ(၁၃)ကျောင်း၊ အလယ်တန်းကျောင်း(၁၅)ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၆)ကျောင်း၊ မူလတန်းလွန်ကျောင်း(၂၁)ကျောင်း၊ မူလတန်းကျောင်း (၁၂၅)ကျောင်း၊ မူလတန်းလွန်ကျောင်း(၄)ကျောင်း စုစုပေါင်း(၁၉၀)ကျောင်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သာယာဝတီမြို့နယ်အတွင်းရှိ ကျောင်းအသီးသီးတွင် ကျောင်းအပ်နှံရေးသီတင်းပတ်ကာလအတွင်း KG မှ Grade-12 ကျောင်းသား၊ ကျောင်းသူများကို အတန်းစဉ်အလိုက် ကျောင်းအပ်လက်ခံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ KG ကျောင်းသား၊ ကျောင်းသူများကို ကျောင်းသုံးပုံနှိပ်စာအုပ်၊ ခဲတံ(၄)ချောင်း၊ ကျောင်းဝတ်စုံတစ်စုံ၊ Grade-1 မှ Grade-5 မူလတန်း ကျောင်းသား၊ ကျောင်းသူများကို ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်(၁)ဒါဇင်၊ ခဲတံ(၄)ချောင်းနှင့် ကျောင်းဝတ်စုံ(၁)စုံ၊ Grade-6 မှ Grade-12 အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူများကို ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်(၁)ဒါဇင်နှင့် ခဲတံ(၂)ချောင်းနှင့် ဘောပင်(၂)ချောင်းကို အခမဲ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)