မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စစ်မှုထမ်းတာဝန်ကျေပွန်စွာထမ်းဆောင်ပြီးခဲ့သည့် ပြည်သူ့စစ်မှုထမ်းများအား ကြိုဆိုဂုဏ်ပြုပွဲ အခမ်းအနား ကျင်းပ

စလင်း မေ ၂၅

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် စစ်မှုထမ်းတာဝန်ကျေပွန်စွာထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်းများအား ကြိုဆိုဂုဏ်ပြုပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပတ္တမြား အစည်းအဝေးခန်းမဆောင်တွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်သူ့စစ်မှုထမ်းတာဝန် ကျေပွန်စွာထမ်းဆောင်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းများအား ဆင်ဖြူကျွန်းစလင်းကားလမ်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့မှ ရုံးဝန်းအတွင်းအထိ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှုကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝန်များ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မိသားစုဝင်များက  ကြိုဆိုဂုဏ်ပြုခဲ့ ကြသည်။

ယနေ့အခမ်းအနားတွင်  မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌ ဦးမင်းသီဟဇော်က အဖွင့်အမှာစကားပြောကြားရာတွင် ​တက်ရောက်လာကြသည့် ပြည်သူ့စစ်မှုထမ်းစစ်သည်များ၏ ဘဝခရီးလမ်းမှာ မှတ်တိုင်သစ်တစ်ခု၊ စိုက်ထူနိုင်သည့် နေ့တစ်နေ့ဖြစ်ကြောင်း၊ မိမိတို့၏ လူငယ်ဘဝအချိန်ကာလများကို နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် ပေးဆပ်ခဲ့ကြသည့် စစ်သည်အားလုံးကို လှိုက်လှိုက်လှဲလှဲဂုဏ်ပြုကြောင်း၊ ပြည်သူ့စစ်မှုထမ်းတာဝန်သည် ဥပဒေအရပေးအပ်ထားသည့် တာဝန်တစ်ခုတင်မက နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိသူတိုင်းထမ်းဆောင်ရမည့် မွန်မြတ်သည့် အမျိုးသားရေးတာဝန်တစ်ခုဖြစ်ကြောင်း၊ စစ်သည်တော်များသည် နိုင်ငံတော်အတွက် လိုအပ်သည့်အချိန်မှာ ကိုယ်ကျိုးစွန့်အနစ်နာခံခဲ့သူများဖြစ်သည့်အတွက် သမိုင်းကအသိအမှတ်ပြုထားမည်ဖြစ်ကြောင်း၊ စစ်သည်တော်များသည် အရပ်သားဘဝကို  ပြန်လည်ရောက်ရှိသွားမည်ဖြစ်၍ စစ်သည်တော်၏ ကိုယ်ရည်ကိုယ်သွေးများက စစ်သည်တော်စိတ်ဓာတ်အတိုင်းရှိနေရမည်ဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းတာဝန်ထမ်းဆောင်ပြီးသည့်အချိန်မှစ၍ မိမိတို့ဒေသမှာရှိသည့် လူငယ်များ၏ စံပြဖြစ်အောင်နေထိုင်သွားကြရမည်ဖြစ်ကြောင်း၊ အမှားနှင့်အမှန်ကိုဝေဖန်ပိုင်းခြားပြီး ရပ်ရွာအေးချမ်းရေးအတွက် အထောက်အကူပြုသူများ ဖြစ်အောင်နေထိုင်သွားကြရမည်ဖြစ်ကြောင်း၊ လုပ်ငန်းခွင်တွင် ကြိုးစားအားထုတ်ရာတွင်လည်း တပ်မတော်က သင်ကြားပေးလိုက်သည့် ဇွဲသတ္တိရှိမှု၊ အမိန့်နာခံမှုနှင့် စည်းကမ်းကောင်းမွန်မှုများကို အသုံးပြုပြီး မိမိတို့၏မိသားစုလူနေမှုဘဝ တိုးတက်အောင်၊ အားသွန်ခွန်စိုက်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ စစ်သည်တော်များ တာဝန်ထမ်းဆောင်နေစဉ်တွင် နောက်ကွယ်က ဆုတောင်းပေးခဲ့သည့် စောင့်မျှော်နေခဲ့သည့် မိသားစုဝင်များကိုအချိန်ပေးပြီး အကောင်းဆုံးလုပ်ကျွေးပြုစုကြရမည်ဖြစ်ကြောင်း၊ တစ်ကြိမ်စစ်သားဖြစ်ခဲ့ဖူးလျှင် အမြဲတမ်းစစ်သားဖြစ်သည်ဆိုသည့်စကားနှင့်အညီ နိုင်ငံတော်မှာအရေးပေါ်အခြေအနေ တစ်ခုခုပေါ်ပေါက်လာလျှင် မိမိတို့ထမ်းဆောင်ခဲ့သည့် တာဝန်များကိုသတိရပြီး နိုင်ငံတော်ကလိုအပ်သည့် အချိန်တွင်၊ အသင့်ရှိနေကြသည့်၊ သူရဲကောင်းစစ်သည်တော်များဖြစ်အောင် ကြိုးစားသွားကြရမည်ဖြစ်ကြောင်းနှင့် စစ်သည်တော်များသည်၊ ဘေးအန္တရာယ်ကင်းရှင်းစွာနှင့် မိမိတို့နေရပ်ကို ပြန်လည်ရောက်ရှိပြီး ရည်မှန်းထားသည့် ဘဝပန်းတိုင်များကိုအောင်မြင်စွာ လျှောက်လှမ်းနိုင်ကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြိုင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်နိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေများအားလည်းကောင်း၊ မြို့နယ်စိမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌ ရုံးခန်းဧည့်တွေဆောင်တွင် စစ်မှုထမ်းတာဝန်ထမ်းဆောင်ခဲ့သူများအား တစ်ဦးခြင်းစီဆက်လက်ထောက်ပံ့ပေးနေမှုနှင့်  ဆက်လက်ထောက်ပံ့ပေးမည့်ကိစ္စများ၊ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုလုပ်ငန်းများ၊ ဖော်ဆောင်ပေးရေး၊ ခရီးသွားလာခွင့်ဆိုင်ရာကိစ္စများစသည်တို့နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး စစ်မှုထမ်းတာဝန်ထမ်းဆောင်ခဲ့သူများ မိသားစုဝင်များအား နံနက်စာဖြင့် ဧည့်ခံကျွေးမွေး ခဲ့ကြောင်း သိရသည်။

မောင်လွင်(စလင်း)