မြန်အောင် မေ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် မြန်အောင်၌ ဖုံး၊ သွန်၊ လဲ၊ စစ်အဘိတ်ဆေးခတ်ခြင်းများကို ယနေ့နံနက်ပိုင်းက မြန်အောင်မြို့ အမှတ်(၄) ရပ်ကွက်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြန်အောင်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နေခြည်ဝင်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်သင်းလှိုင်ဦးနှင့် အသင်းဝင်များက မြန်အောင်မြို့ အောင်ဇေယျခန်းမတွင် နိုင်ငံဝန်ထမ်းအငြိမ်းစားများ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လာရောက်ထုတ်ယူရာတွင် မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခြင်းနှင့် မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းမှစားအုန်းဆီ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနေမှုတို့အား ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍ မြန်အောင်မြို့အမှတ်(၄)ရပ်ကွက်အတွင်း မိုးဦးကျရာသီ ခြင်ယင်ပေါက်ဖွားမှု မရှိစေရန်နှင့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် ရပ်ကွက်အတွင်း ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ အသိပညာပေးခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းတို့ကို မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝင်းဗိုလ်(ပြန်/ဆက်)