စလင်းမြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက် နိုင်ငံသားစီစစ်ရေးကတ်ပြားများနှင့် UID ထုတ်ပေးခြင်း အခမ်းအနား ကျင်းပ

စလင်း မေ ၂၅

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ စလင်းမြို့နယ်ဦးစီးမှူးရုံးမှ မြို့ပေါ်(၈)ရပ်ကွက်ရှိ အသက် ၁၈နှစ်နှင့်အထက်  နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိ‌သေးသူများ၊ အသက် ၁၀ နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများအား ဖိတ်ခေါ်၍ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ထုတ်ပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ မိုးလုံလေလုံအားကစားခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် တိုင်းဒေသကြီး  လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းမြိုင်နှင့်  ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်ဦးဇော်နိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းသီဟဇော်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ စလင်းမြို့နယ်ဦးစီးမှူး ဦးစည်သူလွင်နှင့်တာဝန်ရှိသူများ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ စလင်းမြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှုးမျာနှင့်တာဝန်ရှိသူများက နိုင်ငံသားစိစစ်ရေးကတ်ပြားများရရှိစေရေး ဆောင်ရွက်ပေးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး  အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများ၊ အသက် ၁၀ နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများ စုစုပေါင်း ၂၃၀ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ထုတ်ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ပေးခြင်းမှာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက်တွင်ပါဝင်သည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး ဒေသခံပြည်သူများအနေဖြင့် လူမှုစီးပွားဘဝဆောင်ရွက်ရာ၊ ခရီးသွားလာရာတွင် အဆင်ပြေချောမွေ့စေရန်နှင့် နိုင်ငံသားတစ်ဦး၏အခွင့်အရေးများကို အပြည့်အဝရရှိစေရန်ရည်ရွယ်၍ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ထုတ်ပေးခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးစည်သူလွင်ထံက သိရသည်။  

မောင်လွင်(စလင်း)